Wednesday 18 November 2015

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယခင်နှစ်ထက် လုံခြုံရေးနှစ်ဆတိုးမြှင့်ထား

နိုဝင်ဘာ ၁၇ ရက်က တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်းတွင် လုံခြုံရေးအတွက်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့တို့လေ့ကျင့်နေကြစဉ်(ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း)
ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအ တွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အင်အားကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်ချထားကြောင်း တောင် ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုင်းဆိုင်ဝမ်းက ပြောသည်။

‘‘လုံခြုံရေးအင်အားကို မနှစ် ကထက် နှစ်ဆပိုသုံးထားပါတယ်။ စီမံချက်လည်း ဆွဲထားပါတယ်။ ဗဟိုစည်း၊ အတွင်းစည်း ဘေး စည်းနဲ့ အပြင်စည်း စည်းလေး စည်းအတိုင်း တိတိကျကျဆောင် ရွက်သွားမယ်’’ဟု ဒုရဲမှူးကြီး စိုင်း ဆိုင်ဝမ်းက ပြောသည်။

 ယခုနှစ်တောင်ကြီးတန် ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ၁၀ ရက်ကျင်းပ မည်ဖြစ်ပြီး ပွဲတော်ကျင်းပနေစဉ် ကွင်းအတွင်း၊ အပြင်လုံခြုံရေးအတွက် လုံခြုံရေးကင်မရာအလုံး ၅၀ တပ်ဆင်ထားရှိမည်ဖြစ်ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် တောင်ကြီးခရိုင် ၁၀ မြို့နယ်ရှိ ရဲတပ်ဖွဲ့အင်အား ၇၃၇ ဦး၊ တောင်ကြီးမြို့ပေါ် ၂၂ ရပ် ကွက်မှ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်း ၂၂၀ ဦး၊ အရန်မီးသတ် နှင့် မီးတပ်တပ်ဖွဲ့ဝင် ၁၁၀ ဦးကိုလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နေရာချသုံးစွဲသွားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးစိုင်းဆိုင်ဝမ်းက ပြောသည်။

ယင်းအပြင် မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် ပွဲတော် မတိုင်မီကတည်းက ကွင်းတွင်း၊ ကွင်းပြင်မိုင်းရှာဖွေစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်လုံခြုံရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မြေပြင်  အင်ဂျင်နီယာတပ်ရင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ် ဖွဲ့ဝင်များ ပူးပေါင်း၍ နိုဝင်ဘာ ၁၇ ရက်က တောင်ကြီးမြို့ ကံကြီး ရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း တွင် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ ကြသည်။

၂၀၁၅ တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံးအမျိုးအစားများ ဖြစ်သည့် ညမီးကျည် ၈၄ လုံး၊ စိန် နားပန် ၃၇ လုံး၊ နေ့လွှတ်အရုပ် အုပ်စု ၅၁ အုပ်စု၊ အရုပ်ခြေနှစ် ချောင်း ၁၃၆ ရုပ်၊ ခြေလေးချောင်း ၉၂ ရုပ်ပါဝင်ယှဉ်ပြိုင်မည်ဟု တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သတင်းရရှိသည်။

7Day Daily 

No comments:

Post a Comment