Wednesday 18 November 2015

IS ပစ်မှတ်ကို ပြင်သစ်နဲ့ရုရှ ထိုးစစ်မြှင့်

ပါရီ မြို့တော်နဲ့ ရုရှ ခရီးသည်တင် လေယာဉ်ကို အိုင်အက်စ် လက်နက်ကိုင်အဖွဲ့က အကြမ်းဖက် ဖေါက်ခွဲ တိုက်ခိုက်မှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံစလုံးကလည်း အိုင်အက်စ် ရဲ့ ခြေကုပ် စခန်း ပစ်မှတ်တွေကို တုံ့ပြန် စစ်ဆင်မှုတွေ သည်းသည်းမည်းမည်း လုပ်နေပါပြီ။

ပြင်သစ် တိုက်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် ခြေကုပ်စခန်း ရက်ကာမြို့ကို နှစ်ရက် ဆက်တိုက် ဗုံးကြဲနေသလို ရုရှ ကလည်း ရေငုပ်သင်္ဘောကနေ ခရုစ်ဒုံးပျံတွေ နဲ့ ရက်ကာ မြို့အနီးဆီ ပစ်လွှတ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ရုရှ က လေကြောင်းစစ်ဆင်ရေးကို နှစ်ဆ တိုးလိုက်သလို ဗုံးကြဲလေယာဉ်တွေ ပေါ်ကနေလည်း ခရုစ်ဒုံးပျံတွေကို ပစ်လွှတ်နေပါတယ်။

ပထမတုန်းက ရုရှသမ္မတ ပူတင်က အနောက်အုပ်စု နဲ့ စစ်ရေးအရ ပူးပေါင်းပြီး အိုင်အက်စ် အမြစ်ဖြုတ်ရေး ဆွေးနွေးတဲ့အဆင့်ကနေ အခုတော့ သာမန် မဟာမိတ်ထက်ကျော်လွန်ပြီး တူညီတဲ့ အရေးယူဆောင်ရွက်မှု ပြုလာကြတာကို တွေ့ရတဲ့အကြောင်း ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျွန်နသန် မားကတ်စ်က သုံးသပ်ပြပါတယ်။

သမ္မတ ပူတင်ရဲ့ ပြောစကားအရ ဆိုင်းနိုင်းမှာ ရုရှ လေယာဉ်ကိုပစ်ချပြီး ရုရှ နိုင်ငံသားတွေကို အသက် ဆုံးရှုံးစေခဲ့တဲ့ သွေးစွန်းတဲ့ ရာဇဝတ်မှုအတွက် သူတို့ဟာ နှလုံးသားထဲက မျက်ရေတွေကို မသုတ်ရသေးတဲ့ အကြောင်း၊ ဒီ ကြေကွဲဖွယ် ဖြစ်ရပ်ဟာ အမြဲ စွဲမြဲနေဦးမှာ ဖြစ်တဲ့အတွက် ပြစ်မှု ကျူးလွန်သူတွေကိုလည်း မတွေ့ တွေ့အောင်ရှာပြီး ဒဏ်ခတ်ဦးမှာပါလို့ ဆိုပါတယ်။

ဆီးရီးယား ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဒုက္ခသည် အရေးကိစ္စတွေ ဖြေရှင်းပေးနိုင်မှသာ အရှေ့အလယ်ပိုင်းဒေသ ရဲ့ စစ်မီး တစိတ်တပိုင်း ပြေငြိမ်းလာစရာ ရှိတာကို ပြီးခဲ့တဲ့ သီတင်းပတ် က အနောက်အုပ်စု ခေါင်းဆောင် တွေဟာ ဗီယင်နာမြို့တော်မှာ ဆွေးနွေး အဖြေရှာတဲ့ အကြောင်း၊ လာမယ့် ခြောက်လအတွင်း ဂိုဏ်းဂဏ ဘာသာရေး အယူအစွဲ ကင်းစင်တဲ့၊ အများပါဝင်နိုင်တဲ့ အစိုးရ ပေါ်ပေါက်ရေးကို ရှေ့နှစ်ဆန်းပိုင်း အကောင် အထည်ဖေါ်နိုင်ရင် အိုင်အက်စ်ကိုလည်း အမြစ်ပြတ်စေနိုင်မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဘီဘီစီ ကိုပြောပါတယ်။

ဆီးရီးယား အရေးကို ပြေလည်သွားအောင် လာမယ့် လပိုင်းအတွင်းမှာ စနစ်တကျနဲ့ သတိ မလွတ်စေပဲ လုပ်ကိုင်နိုင်တယ် ဆိုတာ သေချာလို့ အိုင်အက်စ် အဖွဲ့လည်း ဒီ ဖိအားဒဏ်ကို သိတာနဲ့ အမျှ ဖြည်းဖြည်း ချင်း အားအင်ချိနဲ့ပြီး ပျက်သုဉ်းသွားနိုင်ပါတယ်လို့ မစ္စတာ ကယ်ရီက ဘီဘီစီ သတင်းထောက် ဘာဘရာပလက် အာရှာကို ပြောပါတယ်။

BBC Burmese 

No comments:

Post a Comment