Wednesday 18 November 2015

ဆီးရီးယားဒုက္ခသည်များ အစီအစဉ် ရပ်တန့်ရန် အစိုးရကို ရီပတ်ဗလစ်ကန်အမတ်များ ဆော်သြ

သောကြာနေ့တွင် ဖြစ်ပွားခဲ့သော ပြင်သစ်နိုင်ငံ တိုက်ခိုက်မှုက အမေရိကန် နိုင်ငံရေးတွင် အပြောင်းအလဲ များ ဖြစ်သွားမည်ဟု အမေရိကန် လွှတ်တော်အမတ်များက ပြောကြားခဲ့ကာ ရီပတ်ဗလစ်ကန် အမတ် အချို့က ဆီးရီးယားဒုက္ခသည်များကို လက်ခံသည့် အစီအစဉ်အား ရပ်တန့်ရန် ဆော်သြခဲ့ကြသည်ဟု VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

“ပဲရစ်က အရာအားလုံးကို ပြောင်းလဲလိုက်ပါတယ်” ဟု လွှတ်တော်၏ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဗလစ်ကန်အမတ် မိုက်ကယ်မက်ကောက ပြောကြားထားသည်။

ပြင်သစ်တွင် ကျူးလွန်ခဲ့သော တိုက်ခိုက်ရေးသမား တစ်ဦးသည် ဒုက္ခသည်များ နှင့်အတူ လှေပေါ်မှ ဝင်လာသူ ဖြစ်သည်။

ဆီးရီးယားဒုက္ခသည်များ အမေရိကန် ပြည်ထောင်စုသို့ လက်ခံနေခြင်းကို ရပ်တန့်ရန်အတွက် မက်ကောက သမ္မတ အိုဘားမားသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

“ပဲရစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနေချိန်မှာ ဆီးရီးယားဒုက္ခသည်များ လက်ခံနေမှုကို ယာယီ အားဖြင့် ပြန်လည် ရပ်တန့်ပေးဖို့နဲ့ ဒုက္ခသည်များ နေရာချထားပေးရေး အစီအစဉ်ကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက စာထဲတွင် ရေးသားထားသည်။ 

အခြား ရီပတ်ဗလစ်ကန် လွှတ်တော် အမတ်များကလည်း အိုဘားမား၏ ဒုက္ခသည်များ ဆိုင်ရာ စီစဉ်မှုကို ကန့်ကွက်ထားကြသည်။

နောက်ထပ် ရီပတ်ဗလစ်ကန်အမတ် တစ်ဦးဖြစ်သော ဂျက်ဖ်ဆက်ရှင်စ် ကလည်း အိုဘားမားအစိုးရ၏ ဒုက္ခသည် များဆိုင်ရာ အစီအစဉ်ကို ကြိုဆိုရန် ကန့်ကွက်မည်ဟု VOA ကို ပြောကြားခဲ့သည်။

“လူတိုင်း ကိုယ့်အိမ်ထဲကနေ ဥရောပနဲ့ အမေရိကကို ထွက်ပြေးလာတာဟာ အရှေ့အလယ်ပိုင်း မတည်ငြိမ် မှုရဲ့ အဖြေ မဟုတ်ပါဘူး” ဟု မစ္စတာ ဂျက်ဖ်ဆက်ရှင်စ်က ဆိုထားသည်။ 

အမေရိကန်ပြည်ထောင်စုသည် ဒုက္ခသည်များကို ကူညီသင့်ပါကြောင်း၊ ဆီးရီးယား ဒုက္ခသည်များ နေထိုင်ရာ အရပ်များတွင် လုံခြုံရာအရပ် ဖြစ်အောင် လုပ်ဆောင်သင်ပါ့ကြောင်း ၎င်းက ထောက်ပြထား ပါသည်။ ဒုက္ခသည်အများစုမှာ အမှန်တကယ် ဒုက္ခသည်များ မဟုတ်ကြောင်း၊ ဒုက္ခသည် များထက်စာလျှင် စီးပွားရေး အဆင်မပြေလို့ ရွှေ့ပြောင်းလာသူများသာ ဖြစ်ကြောင်း ဆက်လက် ပြောကြားသေးသည်။

“လာသူတွေက မိသားစုတွေ မဟုတ်တဲ့ လူငယ် အမျိုးသားတွေ အများကြီး ရှိပါတယ်” ဟု မစ္စတာ ဂျက်ဖ်ဆက်ရှင်စ် က ဆိုသည်။

The Voice Weekly 

No comments:

Post a Comment