Wednesday 13 August 2014

ကရင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူငယ်အရပ်ဖက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်

ကရင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူငယ်အရပ်ဖက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပြည်လမ်း၊ ယုဒဿန်ဝင်းရှိ ဂျက်ဆင်ခန်းမ၌ ဩဂုတ် ၁၃ ရက် (ယနေ့) တွင်ပြု လုပ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်သူ My Self အဖွဲ့မှ ကိုလင်းနီသွေးက The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် လူငယ်အရပ်ဖက် အဖွဲ့အစည်း ၈ဝ မှ ၁ဝဝ ကြားအား ဖိတ်ကြား ထားကြောင်းနှင့် ရန်ကုန်မြို့တွင် အခြေစိုက်သည့် အဖွဲ့အစည်းများအား အဓိက ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အခမ်းအနားသို့ ငြိမ်းချမ်းဖြစ်စဉ်များ ဆွေးနွေးပြောကြားရန် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်း၊ ကရင်လူငယ် အစည်းအရုံး (KYO) အတွင်းရေးမှူးတို့အား ဖိတ်ကြားထားကြောင်း သိရသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို နှီးနှောဖလှယ်မှာ။ သူတို့ငြိမ်းချမ်းရေး အစိုးရနဲ့ လုပ်နေကြတာဗျာ။ ကရင် လက်နက်ကိုင် ခေါင်းဆောင်တွေပေါ့နော်။ ကျွန်တော်တို့ ပြည်သူပြည်သားတွေ မသိရဘူး။ ကျွန်တော်တို့ လူငယ် တွေ ဘာလုပ်ပေးရမလဲ။ ဘာလုပ်နေကြလဲ။ ကျွန်တော်တို့ရော ဘာတွေဝိုင်းပြီး ကူပေးရမလဲပေါ့။ ဒါမှမဟုတ် သူတို့သိချင်တာတွေ ကျွန်တော်တို့ထဲက ပြည်သူပြည်သားတွေ ခံစားနေတဲ့ဟာတွေကို မေးချင်တာမေးလို့ရအောင် ပွဲလေးကို စီစဉ်တာပါ” ဟု ကိုလင်းနီသွေးက ဆက်လက်ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment