Friday 29 May 2015

အစိုးရအသုံးစရိတ် လိုငွေပြနေချိန်၌ လုံခြုံရေး အဆင့်အတန်းနှင့် အရည် အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ် ကြေညာ

ဇူလိုင် ၁ ရက်တွင်စတင်ထုတ်ဝေမည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူပုံစံ (ဓာတ်ပုံ-MOI)
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း အစိုးရအသုံးစရိတ်လိုငွေ ဆက်တိုက်ပြနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌  လိုငွေစံချိန်တင် ရောက်ရှိလာချိန်တွင် လုံခြုံရေးအဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင် ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

မေ ၂၈ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမည့် အကြောင်းကို ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဗဟိုဘဏ်သည် ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်တွင် ထုတ်ဝေခဲ့သည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်ဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း မြင့်မားစေပြီး အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ တောက်ပသော မြစိမ်းရောင်ဂဏန်း ပုံစံသစ်၊ ရေစာအသစ် နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ထုတ်ဝေမည် ဖြစ်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများ စတင်ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ထိုအချိန်နောက်ပိုင်း ငွေစက္ကူသစ် ထပ်မံထုတ်ဝေခြင်း မရှိသော်လည်း  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလနီးချိန်၊ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိချိန်တွင် အရည်အသွေးနှင့် လုံခြုံရေးပိုင်း အဆင့်မြှင့်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများ ကို ထုတ်ဝေရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိုဘိုင်းဖုန်းသုံးစွဲသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့်ကိစ္စကို မေ ၂၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆိုင်းငံ့လိုက်ပြီး နောက်တစ်ရက် မေ ၂၈ ရက်တွင် အရည်အသွေးနှင့် လုံခြုံရေးပိုင်း အဆင့်မြှင့်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည့်သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ကျပ် ၁၀၀၀၀ တန်ငွေစက္ကူကို လုံခြုံမှုပိုကောင်းအောင် လုပ်တာဖြစ်နိုင်တယ်။ ဒီလိုမဟုတ်ဘဲ တိုးထုတ် တယ် ဆိုရင်တော့ သူတို့ဘက်က ထုတ်ပြန်တဲ့ Money Supply မှာ ပေါ်လာလိမ့်မယ်။ အခုချိန်မှာ ငွေကြေး ဖောင်းပွမှုနှုန်းက ရှစ်ရာခိုင်နှုန်းကနေ Double Digit မဖြစ်အောင် ကြိုးစားနေရချိန်မှာ တိုးထုတ်လိမ့်မယ် လို့တော့ မထင်ဘူး။ အကယ်၍ တိုးထုတ်ခဲ့မယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှုနှုန်းကို ပိုပြီးရိုက်ခတ် လာမယ်။ အခုချိန်မှာ မြန်မာငွေတန်ဖိုးကလည်း ကျနေတယ်။ ကုန်သွယ်မှုလိုငွေလည်း ပြနေတယ်။ ဘဏ္ဍာရေးလိုငွေလည်း ဖြစ်နေတယ်။ ဒီအချိန်မှာ တိုးထုတ်ခဲ့မယ် ဆိုရင်တော့ ငွေကြေးဖောင်းပွမှု ဖြစ်လိမ့်မယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို (စီးပွားရေး ပေါ်လစီ/စီးပွားရေးပညာ) က သုံးသပ်ပါသည်။

“ဒီအချိန်မှာ ငွေစက္ကူအသစ် ရိုက်ထုတ်တာကို တိုက်ရိုက်မဟုတ်ဘဲ ဖုံးကွယ်ပြီး သွယ်ဝိုက်လုပ်သလား ဆိုတာ မေးခွန်းထုတ် စဉ်းစားစရာပေါ်တယ်။ ကျပ် ၅၀၀၀ တန် တုန်းကလည်း လုံခြုံရေး ကိစ္စတွေပေါ်တယ်။ အခု ကျပ် ၁၀၀၀၀ တန်မှာလည်း ပေါ်လာတယ်။ အတုတွေ ပေါ်တယ်ဆိုတာကတော့ ကြာပါပြီ။ ဒီအတွက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဘတ်ဂျက်လိုငွေလည်း ဖြစ်နေ တယ်။ ကုန်သွယ်မှု လိုငွေလည်း ပြနေတယ်။ မြန်မာငွေတန်ဖိုးလည်း ဖြစ်သင့်တဲ့ တန်ဖိုးထက်ကျဆင်း တယ်။ ဒါတွေကို ဖြေ ရှင်းဖို့ နည်းလမ်းရှာရမယ်။ ဒါကို အစိုးရပဲ လုပ်နိုင်မယ်။ ဖြေရှင်းဖို့နည်းလမ်း ရှာတဲ့ အခါ ငွေစက္ကူတိုးရိုက်ပြီး ဖြေရှင်းတယ်ဆိုရင်တော့ အန္တရာယ်များ တယ်။ ငွေကြေးဖောင်းပွမှုနှုန်း တိုးလာပြီး တိုင်းပြည်အတွက် စိုးရိမ်စရာ ဖြစ်လိမ့်မယ်။ ငွေစက္ကူ တိုးရိုက်တဲ့ နည်းနဲ့တော့ မဖြေရှင်းသင့်ဘူး။ အခြားနည်းလမ်းတွေကို ချင့်ချိန်စဉ်းစားရလိမ့်မယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ စီးပွားရေးပညာရှင် ဦးမင်းခင်က ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၄ ရက်က UMFCCI ၌ ပြုလုပ်သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း စကားဝိုင်းတွင် အစိုးရ အသုံးစရိတ် လိုငွေပြနေမှုအပေါ် စိုးရိမ်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က အစိုးရ အသုံးစရိတ်လိုငွေမှာ ကျပ်ငွေ ၁၆၂၉ ဘီလျံရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁၂၅၀ ဘီလျံကျော်၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာ နှစ်တွင် ကျပ်ငွေ ၇၅၅ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၂၅၅၁ ဘီလျံ ကျော်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၆၀၀ ဘီလျံကျော် ရှိလာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရအသုံးစရိတ် လိုငွေ စုစုပေါင်းမှာ ကျပ်ငွေဘီလျံ ၁၀၀၀၀ ကျော်အထိ ရှိလာခဲ့သည်။

ထိုပမာဏသည် နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ကုန်သွယ်မှု ရငွေများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ် အခြေအနေတစ်ခု ဖြစ်လာကြောင်း UMFCCI ၌ ပြုလုပ်ခဲ့သော ဘတ်ဂျက်စကားဝိုင်း၌ ပညာရှင်များက  ထောက်ပြပြောဆို ခဲ့ကြခြင်းဖြစ်သည်။

အရည်အသွေးနှင့် လုံခြုံရေးပိုင်း အဆင့်မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူထုတ်ဝေခြင်းနှင့် ပတ်သက်သော ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် “ယခုထုတ်ဝေမည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူသည် တောက်ပသည့် မြစိမ်းရောင် ဂဏန်းပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ်အလွှာဖြင့် ကာကွယ်ဖုံးအုပ်ထားခြင်းတို့မှအပ ငွေစက္ကူအရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊ လက်ရှိ တရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူ (အကြီး) ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလ၊ ကျပ် ၁၀၀၀ တန် ငွေစက္ကူ (အသေး) ကို ၂၀၀၄ ခုနှစ် အောက်ဘာလ၊ ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ၂၀၀၉ ခုနှစ် အောက်တိုဘာလက ထုတ်ဝေခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment