Friday 29 May 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗမာစကား ကောင်းမွန်စွာ ပြောတတ်သည့် ကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု မွန်အမျိုးသားပါတီဆို

မွန်အမျိုးသားပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေး ချယ်နေဆဲဖြစ်ပြီး ရွေးချယ်ရာတွင် ဗမာစကား ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်မည် ဟု မွန် အမျိုးသားပါတီ ဗဟိုအဖွဲ့ဝင် နိုင်သောင်းရှိန်က ပြောသည်။

မွန်အမျိုးသားပါတီသည် ရွေးကောက်ပွဲတွင်  အနည်းဆုံး ကိုယ်စားလှယ် ၆၀ ဦး ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး စာရင်း အတိအကျကို ဇွန်လကုန်တွင် ကြေညာမည် ဖြစ်သည်။

နိုင်သောင်းရှိန်က “ကိုယ်စားလှယ်က ပါတီ မူဝါဒအတိုင်း လိုက်နာတင်ပြ ပြောဆိုရမယ်။ ရေရေလည်လည် ဗမာလို ပြောဆိုနိုင်တဲ့ ကိုယ်စားလှယ်ကို ရွေးမယ်။ ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ နိုင်ထားသူတွေကို ဦးစားပေးရွေးချယ်သွားမယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ဗမာစကားကို ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်ရခြင်းမှာ လွှတ်တော် အတွင်း ဆွေးနွေးပြောဆိုရာတွင် ဗမာစကားကို ကောင်းမွန်စွာ ပြောဆိုနိုင်သူသာ ပိုမိုအဆင်ပြေမည့် အတွက် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မွန် အမျိုးသားပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကာ မြို့နယ်များတွင် ပါတီမူဝါဒကို ပြည်သူလူထု နားလည်စေရန် ရှင်းပြပေးလျက် ရှိသည်ဟုလည်း နိုင်သောင်းရှိန်က ဆိုသည်။

ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ အမတ်နေရာ ၀င်ရောက် ယှဉ်ပြိုင် မည် မဟုတ်ဟုလည်း မွန် အမျိုးသားပါတီထံမှ သိရသည်။

မွန် အမျိုးသားပါတီဝင် မွန်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် နိုင်ငွေသိမ်း(ကြီး)နှင့် နိုင်ငွေသိန်း(လေး) တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟုလည်း မဇ္ဈိမကို ပြောကြား ထားသေးသည်။

မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ ပူးပေါင်းလိုသည့် အင်အားစုများ စုပေါင်းကာ မွန်အမျိုးသားပါတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပါတီနှစ်ခု စုပေါင်းဖွဲ့စည်းထားသည့် မွန်အမျိုးသား ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၁၀ မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ တနင်္သာရီတိုင်းမှ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ရေဖြူနှင့် ပဲခူးတိုင်း တို့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်အပြင် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာတို့ကို ဝင်ရောက်မည် ဖြစ်သည်။

မွန် အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ထူထောင်ခွင့် ပြုခဲ့သည်။ မွန် အမျိုးသားပါတီသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်၊ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း အဖွဲ့ဝင်ပါတီ တစ်ခုလည်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment