Friday 29 May 2015

ချေးငွေ ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် ပေ ၆၁၀၀ ကျော်ရှည်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်က လွှတ်တော်၌ လာရောက်ရှင်းလင်းဖြေကြားစဉ် 
ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားတည် ဆောက် ရန် ပြည်ထောင်စုလွှတ်တော်က မေ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

ချေးငွေဖြင့်တည်ဆောက်မည့် ဒလတံတားစီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်လေးဦးက ပါဝင်ဆွေးနွေးပြီး နောက်လွှတ်တော်၏ဆန္ဒရယူရာတွင် ကန့်ကွက်သူမရှိခဲ့သည့်အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမ်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေက ဆွေးနွေးရာတွင် စီမံကိန်းကာလမှာ ငါးနှစ်ဖြစ်သည့်အတွက် စီမံကိန်းကာလကို ငါးနှစ်ထက်လျှော့၍ အမြန်ပြီးစီးအောင် ဆောင်ရွက်သင့် ကြောင်း၊ မြစ်ကူးတံတားတည်ဆောက်မှုကြောင့် မြစ်ကြောင်းထိခိုက်မှုမရှိစေရန် နိုင်ငံခြားသင်္ဘောများ၊ ပြည်တွင်းသင်္ဘောများ သွားလာမှုမထိခိုက်စေရန် သတိပြုရန်လိုကြောင်းနှင့် ဒလမြို့ရေရရှိရေးကိုပါ ထည့်သွင်းဆောင်ရွက်နိုင်ပါက ဒလမြို့ရေရှားမှုကိုပါ ဖြေရှင်းပေးရာရောက်မည်ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးသည်။
    
၎င်းကိစ္စများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်က လာရောက် ရှင်းလင်း ဖြေကြားခဲ့ပြီး တံတားစီမံကိန်းနှင့်အတူ ဒလမြို့ ရေရှိရေးကိုပါ ပူးတွဲဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။
    
၎င်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် ခဲ့စဉ်အတွင်း နှစ်နိုင်ငံသမ္မတနှစ်ဦးတွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ကိုရီးယားဒုတိယ၀န်ကြီးချုပ်နှင့် မြန်မာနိုင်ငံမှ စီမံ/စီးပွားပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံကာ မြန်မာ-ကိုရီးယား စီးပွားရေးအတူပူးပေါင်းဆောင်ရွက်ရန် အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုအစည်းအဝေးမှ EDCF ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် တံတားတစ်စင်းတည်ဆောက်ရန် ကိုရီးယားနိုင်ငံက အဆိုပြုခဲ့ ခြင်းဖြစ် ကြောင်း အစိုးရအဖွဲ့မှ လွှတ်တော်သို့တင်ပြခဲ့သည်။
    
တံတားတည်ဆောက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးဆိုင်းတံတားအမျိုးအစားအား ရွေးချယ်ထားပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၆၁၄၄ ရှိမည်ဖြစ်သည်။
    
တံတားအူကြောင်းရွေးချယ်မှုနှင့် ပတ်သက်၍ လက်ရှိအဆောက်အအုံများအား ထိခိုက်မှုအနည်းဆုံး ဖြစ် သော ရန်ကုန်ဘက်ကမ်း၊ ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ရွေးချယ်ထား ကြောင်း သိရသည်။
    
တံတားကုန်ကျစရိတ်မှာ ကိုရီးယားနိုင်ငံ EDCF ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဟု သိရသည်။
    
ကိုရီးယားနိုင်ငံ EDCF ချေးငွေ ၁၃၇ ဒသမ ၈၃၃ သန်းနှင့်ပတ်သက်၍ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်ကြောင်း သိရသည်။
    
စီမံကိန်းခန့်မှန်းကာလမှာ ငါးနှစ်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ စီမံကိန်း ဆောင်ရွက်မည်ဖြစ်သည်။
    
စီမံကိန်းပြီးနောက် ဒလမြို့နယ်အပါအ၀င် ဆက်စပ်နေသော တွံတေး၊ ကော့မှူး၊ ကွမ်းခြုံကုန်းမြို့နယ်များ သည် လည်း မြို့ပြအသွင်ဆောင်၍ တစ်ပြိုင်တည်းတိုးတက်လာမည်ဖြစ်သည်ဟု အစိုးရအဖွဲ့မှ လွှတ်တော် သို့ တင်ပြခဲ့သည်။

Eleven Media Group 

No comments:

Post a Comment