Friday 29 May 2015

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် စတင်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ ယခင်က အစိုးရပိုင်မြေများနှင့် ဌာနဆိုင်ရာ ပိုင်မြေများ ငှားရမ်းရာတွင် ၀င်ငွေခွန်သာကောက်ခံခဲ့ပြီး ယခု ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်တိုး ကောက်ခံ မည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။

‘‘အစိုးရဆီက မြေတို့၊ စက် ရုံတို့ငှားမယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် အတွက်ပါ ထည့်ပြီး ကောက်ပေး ရမယ်။ ကုန်သွယ် လုပ်ငန်းခွန်မကောက်ရင် မ ကောက်ခဲ့တဲ့ဌာနရဲ့ တာဝန်ပဲ။ ငှားတဲ့ဌာနက ၀င်ငွေခွန် ဆောင်ရမယ်။ ငှားမယ့်သူက ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရမယ်’’ ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

နေအိမ်ငှားရမ်းမှုသာ ကုန် သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရ ပြီး လူနေအိမ်မဟုတ်သည့် မြေ၊ စက်ရုံ၊ ဂိုဒေါင် ငှားရမ်းခြင်းများ အကျုံးဝင်သည်ဟု ၎င်းက ဆို သည်။ မြေငှားရမ်းပြီး ဆောက် လုပ်ရေးလုပ်ကိုင်ပါက ဆောက် လုပ်ရေးကုမ္ပဏီက နောက်ထပ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း ထပ်မံပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုသည်။

‘‘အစိုးရဆီက မြေငှားပြီဆို ကတည်းက လုပ်ငန်းရှင်ပဲဖြစ်မှာပါ။ သူတို့ဆီက အခွန်ကောက်ကို ကောက်သင့် တယ်။ ပြည်သူတွေ၊ အစားအသောက်စားရင်တောင် ကုန်သွယ်လုပ်ငန်းခွန်ထည့် ကောက်ထားသေး တယ်။လုပ်ငန်း ရှင်တွေကို အခွန်သေချာကောက် သင့်တယ်’’ဟု အငြိမ်းစားအခွန်ဦး စီးမှူးတစ်ဦးက ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန် မ ဆောင်ပါက ပထမအဆင့် သတိ ပေးအဆင့်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ဒုတိယ အဆင့်တွင် ဒဏ်ငွေအဆင့်ဆင့်ရိုက်နိုင်သည် ဟု ရန်ကုန်တိုင်း အခွန်ဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ မြန် မာနိုင်ငံ၏ အခွန်ဥပဒေအရ အ ခွန်ဆောင်ရန်ပျက်ကွက်ပြီး အခွန် မဆောင်သူများ၏ ပိုင်ဆိုင်မှုကို ချိတ်ပိတ်၍ လေလံတင်ရောင်းချ နိုင်သည်အထိ အရေးယူနိုင်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။

သို့သော်လည်း လက်ရှိတွင် ပညာပေးကာလဖြစ်၍ အရေးယူဦးမည်မဟုတ်ကြောင်း ဦးကျော်သန့်လွင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment