Friday 29 May 2015

ရန်ကုန်-ဒလ မြစ်ကူးတံတား ငါးနှစ်အတွင်း တည်ဆောက်ရန် လွှတ်တော် အတည်ပြု

အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့် အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ငါးနှစ်အတွင်း တည်ဆောက်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ် တည်ဆောက် သွားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းတံတား ဆောက်လုပ်ရန်အတွက် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းယူ၍ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားအဖြစ် တည်ဆောက်မည့် အစီအစဉ်ကို ခွင့်ပြုပေးရန် မေလ ၂၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။

တံတားတည်ဆောက်ရေး စီမံကိန်းကို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် လေးဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် အတည်ပြုကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်းက ဆိုသည်။ တံတား ဆောက်လုပ်ရေး စီမံကိန်းတွင် ယင်းချေးငွေအပြင် ပြည်တွင်းမှ အမေရိကန်ကန်ဒေါ်လာ သန်း ၃၀ ဒသမ ၃၄၂ သန်းနှင့် ညီမျှသော မြန်မာငွေကို ထည့်သွင်းသုံးစွဲရန် လျာထားကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လွှင်က ပြောကြားသည်။

တံတားစီမံကိန်း ဆောက်လုပ်ရေးအတွက် ရန်ကုန်မြို့၊ ဘုန်းကြီးလမ်းထိပ်မှ အခြေယူတည်ဆောက်မည် ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်းနှင့် ကမ်းနားလမ်းတို့အပေါ်မှ ဖြတ်၍ ဒလဘက်ကမ်းမှ ဗိုလ်မင်းရောင် လမ်းထိပ်အထိ ဆက်သွယ်တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆောက်လုပ်မည့် တံတားအတွက် ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းတွင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် သတ်မှတ်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ပေးဆပ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းတံတားစီမံကိန်းကြောင့် ဒလမြို့နယ်အတွင်းရှိ အဓိက လူစည်ကားသည့် မြေနေရာများကို ဝယ်ရောင်းများမှ လိုက်လံဝယ်ယူလျက် ရှိကြောင်း အဆိုပါ မြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို စောင့်ကြည့် နေသည့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

အဆိုပါတံတားကို ၂၀၁၃ ခုနှစ်အတွင်းက တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ နှစ်ဆကျော်မှ သုံးဆအထိ ဈေးနှုန်းများ မြင့်တက်ခဲ့ရကြောင်း သို့သော် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယခုအစိုးရ လက်ထက်အတွင်း ယင်းတံတားလုပ်ငန်းကို ဖော်ဆောင်မည် မဟုတ်ဟု ဆိုခဲ့ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ ပြန်လည်လျော့ကျခဲ့ရသည်။

The Voice Weekly 

No comments:

Post a Comment