Friday 29 May 2015

ဂျပန်နှင့် အမေရိကန် သတင်းထောက်တို့ လည်လှီးအသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း ဦးနေမျိုးဝေ ခြိမ်းခြောက် ပြောကြား

ဦးနေမျိုးဝေအား မေ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် တွေ့ရစဉ် 
ဂျပန်နှင့် အမေရိကန်သတင်းထောက်တို့ လည်ပင်းလှီး အသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မေ ၂၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။   

လှေစီးလူသား (Boat people) အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာ မီဒီယာများမှ ယင်း ရွှေ့ပြောင်း အခြေချသူများကို မြန်မာနိုင်ငံမှဟု ရေးသားပြောကြားခြင်းများကို ကန့်ကွက်သည့်အနေဖြင့် မေ ၂၇ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ဟစ်တိုင်သို့ လမ်းလျှောက်ဆန္ဒပြမှု၌ ဆန္ဒပြပွဲမတိုင်မီ နာရီပိုင်းအလိုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဝေက ဒီဗွီဘီသတင်းဌာနမှ ထုတ်လွှင့်သော သတင်းတစ်ပုဒ် မှားယွင်းနေကြောင်း ယင်းနှင့် ပတ်သက်၍ ယခုဆန္ဒပြပွဲအတွင်း ရောက်ရှိနေသော ဒီဗွီဘီသတင်းဌာနမှ သတင်းထောက်များက အဖြစ်မှန် အား လာရောက်မေးမြန်း စေလိုကြောင်း ပြောကြားရာမှ အောက်ပါအတိုင်း ခြိမ်းခြောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဗွီဘီသတင်းထောက်တွေ ပုလဲဆရာတော်ရောက်တုန်း မေးကြည့်ကြပါဦး။ ဖွတယ်ကွ၊ မီဒီယာမှ ဖွတာ မဟုတ်ဘူး။ တို့ကလည်းဖွတာပဲ။ ရှင်းလားမသိဘူး။ ဟေ့ကောင်တွေ။ ဒီထဲမှာ မီဒီယာတွေရှိတယ်။ တစ်ခါတည်း ပြောကွာ အဲဒါတွေ။ မီဒီယာမှ ဖွတာ မဟုတ်ဘူး။ တို့ကလည်း ဖွတာပဲကွ။ သတင်းကို အကုန် တင်ပြရဲမှ မီဒီယာသူရဲကောင်းကွ။ သတင်းသူရဲကောင်းတွေဆိုတာ သတင်းကို အကုန်တင်ပြ ရဲရတယ်ကွ။ ဂျပန်သတင်းထောက်ကို လည်လှီးပြီးပြီ ဟုတ်သလားဟေ့။ (ဟေး ... ဘေးက လူများအော်သံ၊ လက်ခုပ်သံများ)၊ အမေရိကန်သတင်းထောက်ကို လည်လှီးပြီးပြီ။ ဟုတ်သလားဟေ့။ (ဟေး .... ဘေးက လူများအော်သံ၊ လက်ခုပ်သံများ)၊ မြန်မာသတင်းထောက်ကို လည်လှီးဖို့ပဲ ကျန်တော့တယ်ကွ။ (ဟေး ... ဘေးက လူများအော်သံ၊ လက်ခုပ်သံများ)၊ မြန်မာသတင်းထောက်တွေ လည်လှီးဖို့ပဲ ကျန်တော့တယ်” ဟု လက်ကိုင်အသံချဲ့စက်ကိုင်၍ အော်ဟစ်ပြောဆိုခဲ့သည်။

The Street View ဂျာနယ်မှ အယ်ဒီတာ ကိုမှူးသစ်က “ဥပဒေမဲ့ခြိမ်းခြောက်မှုတွေ၊ ဥပဒေမဲ့ ပြောဆိုမှုတွေကို အခုမှမဟုတ်ဘူး။ ပြောနေဆိုနေတာကကြာပြီ။ အခုလည်း မြန်မာသတင်းထောက်တွေကို လည်လှီးဖို့ ကျန်သေးတယ်ဆိုတဲ့ စကားကို ပေါ်ပေါ်ထင်ထင် ပြောလာတယ်။ ပါတီဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ဒီလိုမျိုး သတင်းသမားတွေကို ခြိမ်းခြောက်ပြောဆိုတာက ဥပဒေမဲ့တာ၊ ဂုဏ်သိက္ခာမဲ့တာလို့ပဲ ပြောချင် တယ်။ အဓိက, ကတော့ ဒီအပေါ်မှာ အစိုးရက ဥပဒေနဲ့အညီ ဘယ်လိုကိုင်တွယ်မလဲ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုအရေးယူမလဲ၊ စာနယ်ဇင်းကောင်စီက ဘယ်လို တုံ့ပြန်မလဲ ဆိုတာတွေက အရေးကြီးတယ်။ အရင်တုန်းကလည်း လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်စေမယ့် စကားတွေကို အွန်လိုင်းမှာရော၊ ဟောပြောပွဲတွေမှာရော ပေါ်ပေါ်ထင်ထင် ပြောဖူးတာတွေလည်း ရှိခဲ့ တယ်။ တားမယ့် ဆီးမယ့်သူ မရှိခဲ့ဘူး။ အခုသတင်းထောက်တွေကိုပါ ခြိမ်းခြောက်လာတယ်။ ဘယ်သူမှ မတားဆီးဘူး၊ အရေးမယူဘူးဆိုရင် ဆက်ပြီးကျူးလွန်ဖို့ ၀န်လေးနေမှာ မဟုတ်ပါဘူး။ အစိုးရက ကြည့် ကောင်းလို့ ကြည့်နေတာလား၊ ကိုယ့်လူမို့လို့ လွှတ်ထားတာလားဆိုတာ မေးခွန်းထုတ်ရတော့မှာပဲ။ ဒီလို မိုက်မိုက်ကန်းကန်း ဥပဒေမဲ့ ခြိမ်းခြောက် ပြောဆိုတတ်တဲ့လူက ပါတီတစ်ခုက ဥက္ကဋ္ဌဖြစ်နေသလို၊ သမ္မတနဲ့ တွေ့ခွင့်ရတာ၊ လွှတ်တော်ကလုပ်တဲ့ ပညာရေးဥပဒေ ကြားနားပွဲတွေမှာတက်ပြီး ပြောဆိုခွင့်ရခဲ့တာ အဲဒီလို အခွင့်အရေးတွေတောင် ရနေတော့ ပိုပြီးစိတ်ပျက်ဖို့ ကောင်းတာပေါ့။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အနေနဲ့လည်း မြန်မာသတင်းသမားတွေ ခြိမ်းခြောက်ခံရတာကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့လိုမယ်။ သတင်းသမားတွေကိုယ်စား တရားစွဲတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြား သည်။

ပြည်ပရုပ်သံ သတင်းဌာနတစ်ခုမှ ဗွီဒီယိုဂျာနယ်လစ် တစ်ဦးက “ဒီမိုကရေစီနည်းအရ ယှဉ်ပြိုင်အရွေးခံဖို့ ပါတီထောင်ထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြောစကားဆိုရင် ဒီလူဟာ အစွန်းရောက် အကြမ်း ဖက်မှုကို ဦးတည်နေသူ တစ်ယောက်ဖြစ်တယ်လို့ သူကိုယ့်သူနဲ့ သူ့ပါတီကို ကြေညာနေသလိုဖြစ်တယ်။ ဒါကို ဒီမိုကရေစီ ဖော်ဆောင်နေသော အစိုးရဆိုရင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်း ပေးဖို့လို့တယ်” ဟု ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment