Friday 29 May 2015

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသည့် ဖားသားလင်းန် ကုမ္ပဏီ တိုက်ခန်း ၀ယ်ယူထားမှု အချို့ကို ရှင်းပေးနေဟုဆို

လိမ်လည်မှုဖြင့် အရေးယူပေးပါရန် တိုင်တန်းခြင်းခံရပြီး အမှုရင်ဆိုင်နေရသည့် Father Land ဆောက် လုပ်ရေးကုမ္ပဏီက လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူထားမှုအချို့ကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေ သည်ဟု အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဈေးကွက် ဒါရိုက်တာ ဦးဘိုဘိုဦးက မေ ၂၈ ရက်တွင် ပြောသည်။

ယင်းအပြင် ၎င်းတို့၏ ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်မည့် သင်္ဃန်းကျွန်း ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူထားသူများကိုလည်း ညှိနှိုင်းဖြေရှင်းပေးသွားမည်ဟုလည်း ဆိုသည်။

ဦးဘိုဘိုဦးက “တာမွေ၊ ဒေါပုံနဲ့ ဗဟန်းမြို့နယ်မှာ ကျွန်တော်တို့ ဆောက်လုပ်နေတဲ့ တိုက်ခန်း ငါးလုံးကို မြေပိုင်ရှင်၊ ကန်ထရိုက်တွေနဲ့ ညှိနှိုင်းဖြေရှင်းပြီး လွှဲပေးလိုက်ပါပြီ။ ပြည်တော်သာအိမ်ရာ အပါအ၀င် တခြား တိုက် ငါးလုံးကိုလည်း ညှိနှိုင်းဖြေရှင်းဖို့အတွက် ဆောင်ရွက်နေပါတယ်” ပြောသည်။

တာမွေမြို့နယ်အတွင်းရှိ ရှစ်ထပ်တိုက်နှစ်လုံး၊ ဗဟန်းမြို့နယ်နှင့် ဒေါပုံမြို့နယ်များမှ ရှစ်ထပ်တိုက် တစ်လုံး စီ၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ ခြောက်ထပ်တိုက်တစ်လုံး၊ စုစုပေါင်းတိုက် ငါးလုံးကို မြေရှင်၊ ကန်ထရိုက်များနှင့် ညှိနှိုင်းဖြေရှင်းပေးလိုက်ပြီဟုလည်း ၎င်းက ဆိုသည်။

ဈေးကွက်ဒါရိုက်တာ ဦးဘိုဘိုဦးသည် ဦးကျော်မြင့်နှင့်အတူ ဗိုလ်တထောင်မြို့နယ်တွင် တစ်မှု၊ ဗဟန်း မြို့နယ်တွင် နှစ်မှု၊ စုစုပေါင်း လိမ်လည်မှုသုံးမှုနှင့် သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် တရားရင်ဆိုင် နေရသည်။

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်သည် လသာမြို့နယ်တွင်တစ်မှု၊ ဗိုလ်တထောင် မြို့နယ်တွင် နှစ်မှု၊ ဗဟန်းမြို့နယ်တွင် သုံးမှု၊ စုစုပေါင်း လိမ်လည်မှု ခုနစ်မှုဖြင့် သက်ဆိုင်ရာမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ထပ်မံတရားစွဲဆိုမည့် အမှုများလည်း ရှိနေသေးသည်ဟု ဆောက်လုပ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment