Friday 29 May 2015

ဒေသစရိတ်ခံစားခွင့်ရ မြို့နယ်များရှိ စည်ပင်သာယာ ဝန်ထမ်းလစာကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ပေးမည်

ရွှေပေါက်ကံ ၂၀ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ၍ စည်ပင်ဝန်ထမ်းများက ရေထုတ်ပြွန်အသစ်များ တပ်ဆင်ရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင် နေထိုင်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များသည် အခြားအစိုးရအဖွဲ့ ဝန်ထမ်းများကဲ့သို့ လစာနှစ်ဆ ခံစားခွင့်ရရှိနိုင်ရန် လိုအပ်သည့် တစ်လစာကို ၎င်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နှစ်စဉ် ကောက်ခံရရှိသော အခွန်ငွေများထဲမှ ခွဲဝေ ပေးနေ ရခြင်းတို့အတွက် စည်ပင်သာယာရေး အဖွဲ့၏ လိုအပ်ငွေကို ၂၀၁၅-၁၆ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ကျခံပေးမည်ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်က ဖြေကြားခဲ့သည်။

“၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော စည်ပင် သာယာရေး ကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့ များ၏ လိုငွေကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ချေးငွေအဖြစ် မသတ်မှတ်တော့ဘဲ ထောက်ပံ့ငွေ အဖြစ်သာ ဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။ စည်ပင်ဝန်ထမ်းများ၏ လစာများ၊ စည်ပင်လုပ်ငန်းများအတွက် အသုံးစရိတ်များကို ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပြီး စည်ပင်ရငွေထက် ပိုလာသော အသုံးစရိတ်အတွက် လိုငွေကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေတွင် ထည့်သွင်း ရေးဆွဲနိုင်ကြောင်း၊ လိုအပ်သည်များကို သက်ဆိုင်ရာ တိုင်း ဒေသကြီး ပြည်နယ် အစိုးရအဖွဲ့တို့သို့ တင်ပြညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ ရဲအောင်က ပြောခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့ တွင် ဝေးလံခေါင်သီဒေသမှ ဝန်ထမ်းများ လစာ နှစ်ဆ ရရှိသဖြင့် မြို့ နယ် စည်ပင်သာယာရေး ၀န်ထမ်းများကိုလည်း လစာ နှစ်ဆ ရစေရန် မြို့နယ်က ကောက်ခံရရှိ သော အခွန်ငွေ ထဲမှ ခွဲပေးနေရခြင်း အစား သက်ဆိုင်ရာ အစိုးရအဖွဲ့က ထိုတစ်လစာကို ပေးရန် အစီအစဉ်ရှိ မရှိ ဟူ၍ မာန်အောင်မြို့ နယ် အမတ် ဦးအောင်စိန်၏ အမေးကို ဒေါက်တာရဲအောင်က ပြန်လည် ဖြေကြား ခဲ့ခြင်းဖြစ်သည်။

စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ လိုငွေများကို ချေးငွေအဖြစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲမှ ယခင်က ခွင့်ပြု ပေးခဲ့ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့ ပြလူဦးရေနှင့် ကျေးလက်လူဦးရေ၊ တစ်ဦးချင်းစီ၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး စသည့် ညွှန်းကိန်းများအရ တွက်ချက်၍ သင့် လျော်သည့် ပမာဏကို ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း လည်း ဒုတိယ၀န်ကြီးက လွှတ်တော်သို့ ရှင်းပြ ခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment