Friday 29 May 2015

ရှမ်းပြည်နယ် ရွာငံဒေသတွင် ကျောက်ချောနံရံပန်းချီများတွေ့ ရှိ

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ အမြင့်ပေ ၂၀၀၀ခန့် တောင်ပေါ် တောနက် အတွင်း ကျောက်ခေတ်နံရံပန်းချီဟု ယူဆနိုင်သော ပန်းချီပုံများ ဒေသခံများနှင့် ရှေးဟောင်း သုတေသန ၀ါသနာရှင်များက တွေ့ရှိခဲ့သည်အတွက် ဧရာဝတီသတင်းဌာနအပါအ၀င် တခြားသော သတင်း ဌာနများမှ သွားရောက်လေ့လာ မှတ်တမ်းတင်ခဲ့ပါသည်။


ထိုနေရာသည် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဝမ်းတွင်းမြို့ နယ် သာစည်မြို့ နယ် မြစ်သားမြို့ နယ် တို့ နှင့် ထိစပ်ရာဒေသဖြစ်ပြီးမြေပုံ ညွှန်း မြောက်လတ္တီကျု N 21˚ 04.060´ အရှေ့ လောင်ဂျီကျု E 96˚ 15.725´ မှာတည်ရှိပါသည်။ ပြဒါးလင်းဂူကဲ့ သို့ ဂူနံရံများပေါ်တွင် ရေးဆွဲထားခြင်းမဟုတ်ပဲ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ကျောက်ပါးပျဉ်းနံရံနှင့် အနီးတဝိုက်ရှိ ကျောက်တုံးများပေါ်တွင်ရေးဆွဲထားခြင်းဖြစ်ပြီး၊ ကျောက်ခေတ် သစ်ကာလသုံး ကျောက်လက်နက်တချို့ ကျောက်တုံးကြီး(၃)တုံး နံရံပေါ်၌ လက်ဝါးပုံ၊ ဆင်ပုံ၊ တိရိစ္ဆာန်ပုံ စသည့် နံရံပန်းချီ ပုံများ၊ အမြင့်(၂၂)ပေရှိသည့် ကျောက်နံရံတွင် လူတစ်ရပ်ကျော် မြင့်သည့်နေရာ၌ အလျား(၁၄)ပေ၊ အမြင့်(၉)ပေအရွယ် ဆင်ရုပ်ပုံကြီး ရေးဆွဲထားပြီး လက်ဝါးပုံ၊ တိရစ္ဆာန်ရုပ်များ၊ အခြားရုပ်ပုံများ စုစုပေါင်း(၆)ရုပ်ခန့် တွေ့ရှိကာ ရေစီးကြောင်းများ ဖုန်မှုန့်များကြောင့် ပေါ် လွင်ထင်ရှားမှု အားနည်းနေသေးသည်ကို တွေ့ရသည်။


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကလည်း သုတေသန ပညာရှင်များ၊ နံရံပန်းချီ သန့်စင်သည့် ဓာတုဗေဒပညာရှင်များ ဖွဲ့စည်းစေလွှတ်၍ သုတေသနပြုခြင်း၊ ဖုန်မှုန့်များ တွယ်ကပ်နေသည့် နံရံများကို သန့်စင်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း များ လိုအပ်သလိုဆက် လက် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။



ဧရာဝတီ

ဓာတ်ပုံ- တေဇလှိုင် (ဧရာဝတီ)

No comments:

Post a Comment