Thursday 15 January 2015

နိုင်ငံခြားသားတရုတ်များ မှတ်ပုံတင် ရရှိနေကြသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မှတ်ပုံတင်မရှိသေးသည့် ဒေသခံ ရှမ်းတိုင်းရင်းသား များစွာရှိနေကြောင်း SNLD ပြောကြား

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် မှတ်ပုံတင်မရှိသေးသည့် တိုင်းရင်းသားများ အများအပြား ရှိနေသေး ကြောင်းနှင့် ဒေသခံရှမ်းများနှင့်အတူ လားဟူနှင့် ပလောင်တို့တွင်လည်း မှတ်ပုံတင် မရှိသေးသည့်သူများ အများအပြား ရှိနေကြောင်း သတင်းရရှိသည်။

“အခုကျွန်တော်တို့ SNLD ကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ မှတ်ပုံတင်မရှိသေးတဲ့ ဒေသခံရှမ်းတွေ၊ လားဟူတို့၊ ပလောင်တို့ မှတ်ပုံတင် မရှိသေးတဲ့သူတွေ မှတ်ပုံတင်ရအောင်လုပ်ပေးဖို့ စီစဉ်နေတယ်။ တချို့မြို့ နယ်တွေမှာ လူ ၄ဝဝဝဝ လောက်ကနေ ၇ဝဝဝဝ လောက်မှတ်ပုံတင်မရှိဘူး။ တန့်ယန်းမှာလည်း ဒါမျိုးတွေ အများကြီးပါပဲ။ အဲဒီလိုမြို့နယ်တွေ အများကြီးဖြစ်နေတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ  ဦးစိုင်းညွန့်လွင်က ဆိုသည်။

ယင်းကဲ့သို့ မှတ်ပုံတင်မရှိသေးသည့် သူများအတွက် ရွေးကောက်ပွဲအမီ မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေ သော် လည်း တရုတ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများလည်း ရှိနေသဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရကြောင်း ၎င်းကပြောကြားသည်။

“တရုတ်နိုင်ငံသား တော်တော်များများ မြန်မာမှတ်ပုံတင် ကိုင်လိုက်ပြီဆိုရင်တော့ မဲပေးလို့ရပြီလေ။ နောက်တစ်ခုပြောချင်တာက အခုရှမ်းပြည်မှာ FRC မရှိတော့ဘူး။ ဥပမာ- ရခိုင်မှာ FRC အများကြီးရှိတယ် မလား။ ရှမ်းပြည်မှာကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဆူဆူလောင်လောင်မဟုတ်ဘဲ တိတ်တဆိတ်နဲ့ခြစား နေတာ။ အနောက်တံခါး မလုံသလို မြောက်တံခါးကလည်း စိမ့်ဝင်တာပဲ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ရှေ့ပြေးသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းသာရှိပြီး လူဦးရေ ခန့်မှန်း ထားသည် ထက် ခြောက်သန်းဝန်းကျင်ခန့် လျော့နည်းခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် လူဦးရေများစွာတိုးနေပြီး ရှမ်းပြည်နယ်တွင် တစ်သန်းကျော်အထိ ပိုနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် ပိုနေနိုင်သည့် နယ်မြေများမှ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် သတင်းထုတ်ပြန်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“အခု လူဦးရေတိုးလာတယ်လို့ ကြားရတယ်။ ဒါပေမဲ့ လူဦးရေဘယ်လောက် တိုးသွားလဲ။ ကျွန်တော်တို့ အဲဒီ သတင်း အချက်အလက်တွေ အတိအကျမရဘူးဗျ။ တကယ်လို့ အဲဒီလို အများအပြား တိုးနေတယ်ဆိုရင် အပေါ်က ဆင်းလာတာတွေ ဖြစ်ဖို့များတယ်။ ဖြစ်နေတာက ၁၉၉၅- ၁၉၉၆ ခုနှစ်လောက်မှာ မိုင်းဝန်း ယဉ်ကျေးမှု အသင်းဆိုတာ ပေါ်လာခဲ့တယ်။ အဲဒီအသင်းက ထောက်ခံချက်ပါရင် မှတ်ပုံတင်ချက်ချင်း ထုတ်ပေးတယ်။ အဲဒီတုန်းက အဲလိုမျိုးတွေဖြစ်တော့ ကျွန်တော်တို့ ဝိုင်းကန့်ကွက်တော့ ရပ်သွားတယ်။ အဲဒီ တုန်းက ရပ်သွားတော့ အခုကျတော့တစ်ခါ ပြန်ပြီးတော့ မိုင်းဝန်းဗမာဆိုပြီးတော့ မှတ်ပုံတင်တွေဘာတွေ ပြန်ထုတ်ပေးတယ်။ တာမိုးညဲဒေသကို မိုင်းဝန်းဒေသဆိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ဆိုပြီး လုပ်နေတာရှိတယ်။ နောက်တစ်ခုက တစ်လောကပဲ ဇီဝလောင်စာထုတ် သစ်ပင်စိုက်ဖို့ဆိုပြီး မြေဧက ခြောက်သိန်းကို မြန်မာအစိုးရဆီမှာ ခွင့်တောင်းတယ်။ ဒါနဲ့တစ်ခါ ဝိုင်းအော်ရပြန်ရော။ ဒါနဲ့ အခုတော့ ရပ်သွားတယ်။ မသိရင် ပေးလိုက်ရမှာ။  မြေကတိုင်းတောင် တိုင်းနေကြပြီ။ အဲဒါမျိုးရှိတယ်”ဟု ဦးစိုင်းညွန့်လွင် က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ဩဂုတ် ၂၉ ရက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သန်းခေါင်စာရင်းသည် ရှေ့ပြေးသန်းခေါင်စာရင်း ဖြစ်ကြောင်းနှင့် နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယင်းကဲ့သို့ ရှေ့ပြေးသန်းခေါင်စာရင်းကို ကောက်ယူရခြင်းဖြစ် ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူသည့် ကိစ္စများကို ပြည်ပအဖွဲ့အစည်း တစ်ခုဖြစ်သော UNFPA မှ ဦးဆောင်၍ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ လူဦးရေကို ၅၁ ဒသမ ၄ သန်းဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း အဆိုပါ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်မှုများလည်း ရှိခဲ့သည်။

“မဲစာရင်းပြုစုတာနဲ့ ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြဿနာတော်တော်လေး ပေါ်ခဲ့ တယ်။ အဲဒီမှာ သေတဲ့သူတွေပါနေတယ်။ နောက်တစ်ခါမရမ်းကုန်းမှာ လူတစ်ယောက်က ငါးနေရာပါတယ်။ အဲဒါမျိုး ပြဿနာတွေ အများကြီးရှိခဲ့တယ်။ အဲဒါဘယ်ကို အခြေခံလိုက်လဲဆိုတော့ ၂ဝ၁ဝ ပြည့်နှစ်မှာ ကလည်းက မှားနေတယ်။ ၂ဝ၁ဝ မဲစာရင်းက ဘာကိုအခြေခံလဲဆိုတာ မသိဘူး။ ဖြစ်နိုင်တာက ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက စာရင်းကိုပဲ အခြေခံသလား သို့တည်းမဟုတ် ၂ဝ၁ဝ ပြည့်နှစ် အတွက် သီးသန့်သူတို့ဘာသာသူတို့ ပြုစုထားတဲ့ စာရင်းလား။ ဆရာတို့ မပြောတတ်ဘူး။ ဒါပေမဲ့ ခိုင်ခိုင် မာမာ ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် ပြောလို့ရတာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုတဲ့ အချိန်မှာ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ ၅၇ သန်း ၅ သိန်းကျော် ရှိတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ မဲပေးပိုင်ခွင့် ရှိတဲ့သူက ၂၇ သန်းနဲ့ ၃ သိန်းကျော် မဲပေးခွင့်ရှိတယ်လို့ တိတိကျကျ စာရင်းစာယားနဲ့ ဖော်ပြထားတယ်။ ဆိုတော့ ၂ဝဝ၈ ခုနှစ်မှာ လူဦးရေဒီလောက်ရှိတယ်။ လူဦးရေတိုးပွားနှုန်းအရ အခု ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်တဲ့အချိန်မှာ ငါးနှစ်ကျော် ခြောက်နှစ်ကြာသွားပြီ ဖြစ်တဲ့အတွက် သေချာပေါက် သန်း ၆ဝ ကျော်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့  ၅၁ သန်းပဲရှိတယ်လို့ သိရတယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

“လက်ရှိစာရင်းအရဆိုရင် ရှမ်းပြည်ရဲ့ လူဦးရေက ၅၈၁၅၃၈၄ ဦးရှိပါတယ်။ ရှမ်းက ဘာမှပြဿနာ မရှိပါ ဘူး။ တစ်ယောက်မှ မကျန်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်းပါတယ်။ ရွက်ဆစ် တို့ အဖွဲ့ရော၊ ကျန်တဲ့ “ဝ” တွေရော၊ ကိုးကန့်တွေရော အကုန်လုံးပေါင်းပြီး ဝိုင်းကောက်ပေးတာပါ။ ရှမ်းကပြဿနာမရှိဘူး။ ကျန်တာတွေက ရခိုင်မှာပဲကျန်တာပါ။ ကချင်ကျတော့ စုစုပေါင်းလူဦးရေ ထုတ်ပြန် ထားတာ ၁၆၈၉၆၅၄ ဦးရှိတယ်။ ကချင်မှာကျတော့ နည်းနည်းလေး ပြဿနာရှိတယ်။ ကျွန်တော်တို့စာရင်း နှစ်ခုဖော်ပြီးတော့ ထုတ်ပြန်ထားတယ်။ အဲဒီတော့ အမှန်တကယ် ကောက်လို့ရတာက ၁၆၄၃ဝ၅၄ ဦးပဲ ရှိတယ်။ လိုင်ဇာနားမှာရှိတဲ့ ကျေးရွာတွေ ကျန်ခဲ့တယ်” ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေး မှူး ချုပ်ဖြစ်သူ ဦးမြင့်ကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၈ ဖွဲ့စည်းအခြေခံဥပဒေ ဆန္ဒခံယူစဉ်က လက်ခံထားသည့်စာရင်းဟု ယူဆရသော ထိုစာရင်းကိုပင် နိုင်ငံတကာ စီးပွားရေးပညာရှင်များကလည်း ယူသုံးခဲ့ကြသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု GDP  ကို တွက်ရာတွင်လည်း သန်း ၆ဝ ဖြင့် လျာထားပြီး တွက်ခဲ့ကြသည်ကို တွေ့ရ သည်။

“အဲဒီ ၅၁ သန်းဆိုတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံခြားအကူအညီနဲ့ တော်တော်လေး စနစ်တကျ ကောက် ထားတယ်လို့ သိရတယ်။ အဲဒီလိုဖြစ်နေတာမှာတောင် အံဩစရာကောင်းတာက လူဦးရေ အရမ်းတိုးပွားတဲ့ ပြည်နယ်က ရှမ်းပြည်နယ် ဖြစ်နေတယ်။ တစ်သန်းတိုးတယ်။ ကချင်ပြည်နယ်လည်း တိုးတယ်။ ဆိုတော့ ဘယ်သူတွေဝင်နေလဲ စဉ်းစားကြည့်စရာ ဖြစ်နေတယ်။ အံဩစရာ ကောင်းတာက အဲဒီပြည်နယ်တွေမှာ အများကြီးတိုးတယ်။ အမှန်တော့ ဆရာက သန်းခေါင်စာရင်း အကြောင်းကို ပြောချင်တာ မဟုတ်ပါဘူး။ ဆရာ့ Subject  လည်း မဟုတ်ဘူး။ မေးလို့သာ ပြောရတာပါ” ဟု တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ဆိုသည်။

သန်းခေါင်စာရင်းတွင် ယင်းကဲ့သို့ လူဦးရေနည်းသွားသော်လည်း ရရှိထားသော သတင်းများအရ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် အခြားပြည်နယ်များနှင့် မတူဘဲ လူဦးရေ တိုးပွားနေကြောင်း သိရသည်။ အစိုးရဘက်မှ ထုတ်ပြန်သည့် သတင်းများအရမူ  မြန်မာတရုတ်နယ်စပ် ဒေသများတွင် ခွင့်ပြု ပေးထားသည့် နယ်စပ်ဖြတ်ကျော် သွားလာနေထိုင်ခွင့် လက်မှတ်များ မပါဝင်ဘဲ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်နေထိုင်မှုများ ရှိနေကြောင်းလည်း သတင်းရရှိသည်။

“ရှမ်းပြည်မှာ ဒေသခံတော်တော်များများက နိုင်ငံခြားထွက်သွားတာ အများကြီးပဲ။ အပြင်ကနေပြီးတော့ တရားမဝင် လာနေတဲ့သူတွေကလည်း အများကြီးပဲ။ တရုတ်နိုင်ငံသားတွေလာတယ်။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာဝင်မယ်ဆိုတာနဲ့ ဝမ်းပန်းတသာ ကြိုဆိုကြတယ်။ မှတ်ပုံတင်ထုတ်ပေးတယ်။ တရားဝင်ထုတ်ပေး တာတွေလည်း အများကြီးရှိတယ်။ တရားမဝင် ငွေပေးဝင်တာတွေ လည်းအများကြီးပဲ။ အထူးသဖြင့် သံလွင် အရှေ့ခြမ်းမှာ ပိုများတယ်။ သံလွင်အရှေ့ခြမ်းမှာ မျိုးနွယ်စု သေးသေးလေးတွေ တရုတ်ပြည်ဘက်ကနေ အလုံးအရင်းအလိုက် ပြောင်းလာကြတာ။ အဲဒါတွေပိုများပါတယ်။ သူတို့ မြန်မာစကား နားမလည်ဘူး။ ရှမ်းစကားလည်း နားမလည်ဘူး။ ယူနန်ပြည်နယ်မှာလည်း လူမျိုးစုလေးတွေ အများကြီးရှိပါ တယ်။ အဲဒီလို လူမျိုးစုလေးတွေ အလုံးအရင်း လိုက်ဝင်လာတယ်။ တချို့လည်း မှတ်ပုံတင်နဲ့ နေတယ်။ အခုက သန်းခေါင် စာရင်း ကောက်တာဆိုပေမယ့် လူရှိကိုကောက်တာဆိုတော့ ကျွန်တော်တို့တော့ ဘယ်လောက်ရှိ၊ မရှိ အတိအကျ မသိဘူးလေ။ လူဦးရေပဲ ကောက်သွားတာကိုး။ ဒီဘက်မှာ မှတ်ပုံတင်မမေးဘူး။ လူအရှိ အတိုင်းပဲ ကောက်သွားတာ။ ဆိုတော့ လူဦးရေကတော့ များလာပြီးတော့ အမှန်တကယ် ဒေသခံတွေ ကတော့ နည်းလိမ့်မယ်ထင်တယ်” ဟု SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းသန်းမောင် က ပြောကြားသည်။

နယ်စပ်ဒေသမှ ရရှိထားသော သတင်းများအရမူ မြန်မာနိုင်ငံဘက်မှ အလုပ်သွားလုပ်သော အလုပ် သမားများကို ထိုင်းရဲမှ ဖမ်းဆီးလေ့ ရှိသော်လည်း မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် ငြိစွန်း နေသည့် တရုတ်လူမျိုး အများအပြားလည်း ရှိနေကြောင်း၊ အလားတူ ဘိန်းအစားထိုး ခေါင်းစဉ်အောက်တွင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများလည်း အများအပြား ရှိနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment