Thursday 15 January 2015

မုဒိမ်းမှု ကျဆင်းရေး အတွက် Cyber Crime ကို အကောင်အထည်ဖော် အရေးယူမည်

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မုဒိမ်းမူ ကျဆင်းရေး အတွက် Cyber Crime ကို အကောင်အထည်ဖော် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုးတက်လာတဲ့ ခေတ်နဲ့ အညီပေါ့။ နည်းပညာပိုင်းတွေအရ အင်တာနက်တွေ အွန်လိုင်းတွေက ညစ်ညမ်းပုံ၊ စာနဲ့ ဗီဒီယိုတွေက ကလေးတွေရော  လူကြီးတွေပါ ကြည့်လို့လွယ်ကူနေတော့ မုဒိမ်းမှုတွေ ပိုမို ဖြစ်စေတာပေါ့။ Cyber Crime က တော်တော်တော့ မလွယ်ဘူး။ ဒါပေမဲ့ အကောင်အထည်တော့ ဖော်နေပြီ”” ဟု ဧရာဝတီတိုင်း ဒေသကြီး ဒုရဲမှူး ဦးအောင်နိုင်မိုးက The Messenger Media သို့ပြောသည်။

မြန်မာနိုင်ငံ ရဲချုပ်ရုံး CID တွင်လည်း Cyber Crime ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ရာ ဧရာဝတီတိုင်း ဒေသကြီးတွင်လည်း အကောင်အထည်ဖော်ရန် နည်းပညာနှင့် ၀န်ထမ်းများ ချမှတ် ပေးသွားမည် ဖြစ်ကြောင်းလည်း တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

လက်ရှိတွင် အင်တာနက်ကို လူတိုင်းနီးပါး အသုံးပြုနိုင်သောကြောင့် လူငယ် လူရွယ် ကလေးများ အကြားတွင် သတင်း၊ အနုပညာ၊ ကျန်းမာရေး နှင့် အထွေထွေ ဗဟုသုတများ ရှာဖွေရေး အတွက် အသုံးပြုသူများ ရှိသလို ညစ်ညမ်းစာများ၊ ညစ်ညမ်း ဗီဒီယိုများကို ကြည့်ရှုကြ သူများလည်း များစွာရှိကြောင်း ပုသိမ်မြို့ရှိ အင်တာနက်ဆိုင်များမှ သိရသည်။

“ အွန်လိုင်းမှာ တင်တာတွေ လိုက်ဖျက်မယ်။ အခုက တောရွာတွေရော မြို့တွေမှာပါ ဖုန်းဖွင့်ပြီး ကြည့်လိုက်တာနဲ့ ညစ်ညမ်း စာသားတွေ ဗီဒီယိုတွေ ကြည့်လို့ အလွယ်တကူ ရနေတယ်။ နည်းပညာအရ တိုးတက်တာကို လူတွေက အသိပညာ မတတ်တာလည်း ပါတော့ ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်နေရတယ်”” ဟု ဦးအောင်နိုင်မိုးက ဆိုသည်။

ယင်းကဲ့သို့ Cyber Crime ကို အကောင်အထည်ဖော် အရေးယူနိုင်မည် ဆိုပါက မုဒိမ်းမှုများ ကျဆင်း သွားနိုင်မည်ဟုလည်း ဦးအောင်နိုင်မိုးက သုံးသပ် ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်း ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့မှ သမီးရည်စား နှစ်ဦး၏ ညစ်ညမ်းပုံများ Viber တွင် အပြန်အလှန် ပြောဆိုထားသည့် စာသားများ၊ မိန်းကလေးများ ၀တ်လစ်စလစ် ဓာတ်ပုံများသည် အင်တာနက် စာမျက်နှာနှင့်  လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ဖူးသည်။

ထိုသို့ အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့မှုကြောင့် မြို့ခံပြည်သူများ သံဃာတော်များ နှင့် လူငယ်များကြား ဘာသာရေး၊ လူမျိုးရေး ပြဿနာများ မဖြစ်ပွားအောင် အထူး ထိန်းသိမ်း ခဲ့ရသည်ဟု မြန်အောင်မြို့မှ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ လကုန်အထိ ဧရာဝတီတိုင်း ဒေသကြီးတွင် မုဒိမ်းမှု (၁၁၆) မှုဖြစ်ပွားခဲ့ရာ သက်ကြီး မုဒိမ်း (၅၁) မှုနှင့် (၁၆) နှစ်အောက် သက်ငယ် မုဒိမ်း (၅၅) မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အောက်တိုဘာလ (၁၆) ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အမှု ခိုင်မာအောင် ဆောင်ရွက်ပေးရပြီး ထိရောက်သော ပြစ်ဒဏ် ပေးမှုမှာ တရားသူကြီး၏ ဆင်ခြင်တုံ တရားနှင့် မူလဘူတ စီရင်ပိုင်ခွင့်နှင့်သာ သက်ဆိုင်ပြီး၊ တရားရုံး၏ စီရင်ပိုင်ခွင့်ကို စွက်ဖက်၍ မရပေ။ သို့သော်လည်း မုဒိမ်းမှုများအား ထိရောက်သော ပြစ်ဒဏ် ချမှတ် အရေး ယူသင့်ကြောင်း အငြိမ်းစား ရဲမှူးတစ်ဦးက သုံးသပ် ပြောကြားသည်။

The Messenger News Journal 

No comments:

Post a Comment