Thursday 15 January 2015

အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် NCCT အဖွဲ့ဝင်အားလုံး လက်မှတ် ထိုးမည်ဆိုပါက (PSLF /TNLA) အနေဖြင့် လက်မှတ်ထိုးရန် အလားအလာရှိဟုဆို

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ (NCCT) တွင် ပါဝင်သောအဖွဲ့ဝင်များအားလုံး နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးမည်ဆိုပါက တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PSLF /TNLA)အနေဖြင့် လက်မှတ်ထိုးရန် အလား အလာရှိကြောင်း ယင်းအဖွဲ့ဒုတိယ ဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောသည်။

PSLF/TNLA အနေဖြင့် NCCT တွင် အဖွဲ့ဝင်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် ဝင်ရောက် ဆွေးနွေးနေပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကဲ့သို့ပင် အစိုးရ နှင့်ပြည်နယ်အဆင့်ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေးလက် မှတ်မရေးထိုးရသေးပေ။

''NCCT အဖွဲ့တွေအားလုံး သဘောတူထားတဲ့အတိုင်း အကုန်လုံးလက်ခံနိုင်တဲ့ မူဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့လဲ လက်မှတ်ထိုးဖို့ အလားအလာရှိပေမယ့် အစိုးရဘက်က ဘယ်အတိုင်းအတာထိ လိုက်လျောမယ် ဆိုတာ မသိ ရသေးတော့ ပြောရခက် တယ်''ဟု ဗိုလ်မှူးကြီးတာဂျုတ်ဂျားက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ် ရေးထိုးရန်အတွက် ယခုလတတိယပတ်တွင် ထပ်မံတွေ့ဆုံညှိနှိုင်းကြမည် ဖြစ်သလို ဖေဖော်ဝါရီ ၁၂ ရက် တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကိုလည်း ရည်မှန်းထားကြသည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)ကိုအခြေခံ သည့်အဖွဲ့ဝင်များ အားလုံး သဘောတူထားကြသည့် အချက်များအတိုင်းဆိုလျှင် လက်ခံနိုင် မည်ဖြစ်ကြောင်းနှင့်ယင်းတို့ အနေဖြင့် လည်း အပစ်အခတ် ရပ်စဲရေးလက် မှတ်ရေးထိုးရန် မျှော်လင့်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ယခင်က သဘောတူထားသည့်အချက်များကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်မ လုပ်သင့်ကြောင်း ယင်းက ပြောသည်။

နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲရေးစာချုပ်၏ လက်ရှိသဘောတူ ထားပြီးသား အချက်များကို အခြေခံ ပြီး လက်မှတ်ထိုးမည်ဆိုပါက ဖေဖော်ဝါရီ ၁၂ရက်မတိုင်မီ လက်မှတ် ထိုး၍ရပြီဖြစ်ကြောင်းနှင့် ယင်းသို့ မဟုတ်ဘဲ အသေးစိတ်ဆွေးနွေးမည် ဆိုပါက အချိန်ပိုကြာနိုင်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာနမှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

''ဒီတစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ထိုးဖို့က အစိုးရရဲ့ပူးပေါင်းပါဝင်မှု အများကြီးလိုအပ်တယ်''ဟု ယင်းက ဆိုသည်။

ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တည်ထောင်သည့် သုံးနှစ် တာကာလအတွင်း ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့်မူဆယ်စသည့် မြို့နယ်များတွင် တပ်ရင်း ၂၁ခု၊ တပ်မဟာ သုံးခု ဖြင့် အခြေစိုက်လှုပ်ရှားလျက်ရှိ ကြောင်း သိရသည်။

NTDW
‎Democracytoday‬

No comments:

Post a Comment