Thursday 15 January 2015

ကျန်းမာရေး ဌာနများတွင် မိခင်နှင့် ကလေး ကျန်းမာရေး ၀န်ဆောင်မှု အခြေအနေမှာ အသင့်အတင့်သာ ရှိဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျန်းမာရေး ဌာနများတွင် မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာ အသင့်အတင့်သာ ရှိကြောင်း (၄၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းသော သုတေသန စာတမ်း တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ သုတေသန စာတမ်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကျန်းမာရေး ဌာန (၂၅) ခုကို (၂၀၁၃) ခုနှစ် အတွင်းက သုတေသန ပြုထားခြင်း ဖြစ်သည်။

မိခင်နှင့် ကလေး ကျန်းမာရေး ၀န်ဆောင်မှု၏ အခြေခံ လိုအပ်ချက် ဖြစ်သော လျှပ်စစ်မီး၊ သန့်ရှင်းသော ရေ၊ လုံခြုံမှုရှိသော အခန်း၊ အညစ်အကြေး စွန့်ခြင်း၊ ဆက်သွယ်ရေး ကိရိယာများ၊ ကွန်ပျူတာ၊ အရေးပေါ် လူနာ ပို့ဆောင်ခြင်း ဟူသည့် ခုနစ်မျိုးစလုံးကို ဆေးရုံနှစ်ရုံတွင်သာ အပြည့်အစုံ တွေ့ရကြောင်း အဆိုပါ သုတေသန စာတမ်း၌ ဖော်ပြ ရှိထားသည်။

ထို့အပြင် ရောဂါ ရှာဖွေခြင်း ၀န်ဆောင်မှု ရှစ်မျိုးကို ဆေးရုံလေးခုတွင်သာ တွေ့ရကြောင်းလည်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည်။

“ ဒါက အောက်ခြေမှာ ကျန်းမာရေး စောင့်ရှောက်မှု ယိုယွင်းနေတဲ့ သဘောပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။  ပြည့်စုံရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့ ကတော့ ဒါတွေ့တယ်၊ တင်ပြတာပဲ။ လုပ်ဖို့သင့်တယ်။ မူဝါဒ ဘယ်လို ချဖို့သင့်တယ် ဆိုတာ သက်ဆိုင်ရာ မူဝါဒ ချမှတ်သူတွေ ဆုံးဖြတ်မှာပါ”” ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ၀င်းအောင်က The Messenger Media သို့ပြောသည်။

မိခင်နှင့် ကလေး ကျန်းမာရေး ၀န်ဆောင်မှုတွင် ပြင်ပ လူနာဌာန၌ ရှိရမည့် လူကြီးနှင့် ကလေး ပေါင်ချိန် တိုင်းကိရိယာ၊ အဖျားတိုင်း ကိရိယာ၊ နားကြပ်၊ သွေးပေါင်ချိန် ကိရိယာ၊ ဓာတ်မီး ကဲ့သို့သော အခြေခံပစ္စည်း ကိရိယာများနှင့် ပတ်သက်၍မူ အနည်းဆုံး ငါးခုသာ ရှိကြောင်း အထက်ပါ သုတေသန စာတမ်း၌ ဖော်ပြထားသည်။

ထို့အပြင် ကူးစက်မှုမှ ကာကွယ်ခြင်း အစီအစဉ် ဖြစ်သော ချွန်ထက်သော ပစ္စည်းများ စွန့်ပစ်ခြင်း၊ ကူးစက် နိုင်သော ပစ္စည်းများကို သေချာစွာ ထိန်းသိမ်းခြင်း၊ ပိုးသတ် သန့်စင်ခြင်း၊ တစ်ခါသုံး အပ်နှင့် ဆေးထိုးပြွန် များသုံးခြင်း၊ သန့်စင်စွာ ဆေးကြောခြင်း၊ လက်အိတ်များနှင့် ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန် ချက် များ ရှိမရှိ လေ့လာရာတွင် ကျန်းမာရေးဌာန (၁၄) ခုတွင် လေးမျိုးသာ အများဆုံး တွေ့ရကြောင်းလည်း ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ကျန်းမာရေး အသုံးစရိတ်များကို တိုးမြှင့် သုံးစွဲခဲ့ပြီး၊ (၂၀၁၄-၁၅) ဘဏ္ဍာနှစ်တွင် ယခင်ကထက် (၂၈) ရာခိုင်နှုန်း တိုးမြှင့် သုံးစွဲခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန် ချက်များ အရ သိရသည်။

“ ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေး သေဆုံးမှုတွေ လျှော့ချဖို့ဆိုရင် ကျွမ်းကျင်တဲ့ သားဖွား ဆရာမတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ ရှိဖို့လည်း လိုအပ်ပါတယ်””ဟု ရန်ကုန် ဆေးတက္ကသိုလ် (၂) မှ လက်ထောက် ပါမောက္ခချုပ် ဒေါက်တာခင်ညိုသင်းက The MEssegner Media သို့ ပြောသည်။

မိခင်နှင့် ကလေး ကျန်းမာရေး ၀န်ဆောင်မှု အတွက် မရှိမဖြစ် လိုအပ်သော ဆေးဝါး (၁၃) မျိုး အနက် ငါးမျိုးသာ ကျန်းမာရေး ဌာနများ၊ အထူးသဖြင့် ဆေးရုံများတွင် တွေ့ရကြောင်း အထက်ပါ သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင် မိခင် (၂၄၀၀) ခန့်သည် ကိုယ်ဝန်ဆောင်ခြင်း နှင့် ပတ်သက်သော ရောဂါ များ၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် ဆက်စပ်သော ရောဂါများကြောင့် နှစ်စဉ် သေဆုံးနေရပြီး ကလေးငယ်ပေါင်း (၇၀၀၀၀) သည်လည်း ကာကွယ်၍ ရသော ရောဂါများကြောင့် နှစ်စဉ် သေဆုံး နေရကြောင်း သိရသည်။

The Messenger News Journal 

No comments:

Post a Comment