Monday 19 January 2015

နိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့် သံလွင်စီမံကိန်းများ လုပ်ဆောင်ပါကလည်း မြန်မာနိုင်ငံ၌ လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ ရရှိမည် မဟုတ်ဘဲ ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးနေ


မြန်မာနိုင်ငံအတွင်း ဆည်များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ပြည်သူများက ရာနှုန်းပြည့် နစ်နာဆုံးရှုံးမှုကို ရရှိနေပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားသည့် မြစ်ဆုံနှင့်သံလွင် စီမံကိန်းကြီးနှစ်ခုကို လုပ်ဆောင်လျှင်ပင် မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ပမာဏကို ရရှိမည် မဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားသည်။



“ပြဿနာတွေ တက်နေတဲ့ မြစ်ဆုံမှာ ဆည်ခုနစ်ခု ဆောက်မယ်လို့ ပြောတယ်။ သံလွင်မှာလည်း ဆည်ခုနစ်ခုဆောက်မယ် ပြောနေတယ်။ ဒါပေမဲ့ အကျိုးအမြတ် ခွဲဝေမှုမှာ ကျွန်တော်တို့ နိုင်ငံက ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းပဲ ရမယ်။ အပြင်ကို များများထွက်သွားမယ်။ မြစ်ဆုံက ဆည်ခုနစ်ခုလုပ်မယ်။ အဲဒီ စီမံကိန်း ခုနစ်ခုကနေပြီး ၁ဝ ရာခိုင်နှုန်းပဲ မြန်မာနိုင်ငံက ရမယ်။ ၁ဝ ရာခိုင်နှုန်းဆိုရင် မဂ္ဂါဝပ် ၁၆၅ဝ ပဲ မြန်မာနိုင်ငံက ရမယ်။ နောက်တစ်ခုက သံလွင်မှာ ခုနစ်ခု လုပ်မယ်။ သံလွင်က ၁၅ ရာခိုင်နှုန်းပဲ ရမယ်။ ဒါတွေက ပြည်သူက ချပြထားတာ မရှိသေးဘူး။ ၁၅ ရာခိုင်နှုန်းဆိုရင် ဒီစီမံကိန်း နှစ်ခုကနေ မဂ္ဂါဝပ် ၃ဝ၃၉ ပဲ မြန်မာနိုင်ငံက ရမယ်။ အဲဒါက ကျေနပ်လောက်တဲ့ ပမာဏ မဟုတ်ဘူး။ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ကျွန်တော်တို့ တစ်နိုင်ငံလုံး မီးလင်းဖို့ဆိုရင် မဂ္ဂါဝပ် ၁၄ဝဝဝ ကျော်လိုမယ်။ ကျွန်တော်တို့မှာ မဂ္ဂါဝပ် ၄ဝဝဝ က ရှိပြီးသား။ ဒီတော့ ကျွန်တော်တို့က မဂ္ဂါဝပ် ၁ဝဝဝဝ ပြည့်အောင် ကြိုးစားရမယ်။ အခုလိုဆိုရင် ကျွန်တော်တို့က မဂ္ဂါဝပ် ၁ဝဝဝဝ ဘယ်လိုလုပ် ပြည့်မလဲ။ ဗီယက်နမ်တို့ ဘာတို့မှာဆိုရင် ၄ဝ၊ ၄၅ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရတယ်။ ကျွန်တော်တို့နိုင်ငံ ဘာလို့ မရတာလဲ။ ဆည်တွေကို မြှုပ်နှံတဲ့အတွက် နိုင်ငံခြားတိုင်းပြည်ကို ၈၅ ရာခိုင်နှုန်းက စီးဆင်းသွားတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက်က ၁၅ ရာခိုင်နှုန်းပဲ ရလိုက်ပြီး ကျွန်တော်တို့ ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေက ၁ဝဝ ရာခိုင်နှုန်းသော နစ်နာဆုံးရှုံးမှုတွေပဲ ရလိုက်တယ်” မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပညာရှင်များနှင့် အစီရင်ခံစာ လုပ်ဆောင်ခဲ့သူ Enviromental & Economic Research Institute မှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားလွန်းသည့် စီမံကိန်း ဖြစ်နေခြင်းကြောင့် မြန်မာပြည်သူများက တစ်ခဲနက် ကန့်ကွက်ခဲ့သည်။ ထိုသို့ ကန့်ကွက်ခဲ့မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်း အဆိုပါစီမံကိန်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုများ ရှိလာနေသည်ဟု သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ အကြားတွင် ယူဆမှုများ ရှိနေကြောင်း သိရသည်။

“မြစ်ဆုံဆည်ဆိုရင် ကျွန်တော့်ရဲ့ဆည်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံအရ လုံးဝမဆောက်သင့်တဲ့ ဆည်ပါ။ ဘာလို့လဲဆိုတော့ သူတို့က ကချင်လူမျိုးတွေရဲ့ ရိုးရာအမွေအနှစ်တွေ ပျောက်သွားနိုင်လို့၊ နောက်တစ်ခုက မြစ်ဆုံဆည်က မြစ်ကြီးနားအထက် ၂၈ မိုင်လောက်အကွာမှာ ရှိနေတော့ အဲဒီဆည်က မတော်တဆ ကျိုးသွားမယ်ဆိုရင် မြစ်ကြီးနားက လူသုံးသိန်းလောက်က ဘုရားတချိန် ရလိုက်မှာ မဟုတ်ဘူး။ လျှပ်စစ်ဓာတ်အား ထုတ်နေတာက ရေအားနဲ့ဆိုရင် မဂ္ဂါဝပ် ၂၉ဝဝ ရှိပြီး စုစုပေါင်းဆိုရင် ၄ဝဝဝ လောက် ရှိပါတယ်။ ၂ဝ၃ဝ-၂ဝ၃၁ ဆိုရင် မဂ္ဂါဝပ် ၂၄ဝဝဝ လောက် ထုတ်နိုင်မယ်လို့ ပြောထားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှုက အကြမ်းဖျင်းဆိုရင် တစ်သိန်းလောက် ရှိနိုင်ပြီး သေသေချာချာ တွက်မယ်ဆိုရင် မဂ္ဂါဝပ် ၅ဝဝဝဝ လောက် ထုတ်နိုင်ပါတယ်။ အခုဆို ဧရာဝတီနဲ့ သံလွင်မှာ ဆောက်မယ်။ အခု ခေတ်အနေအထားအရဆိုရင် မြစ်ကြီးတွေပေါ်မှာ ဆည်ဆောက်တာကို လုံးဝကန့်ကွက်ထားတယ်။ မဖြစ်မနေ ဆောက်မည်ဆိုရင် မြစ်လက်တက်တွေ အပေါ်မှာပဲ ဆောက်သင့်တယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် ဦးချိုချိုက ပြောကြားသည်။

ကီလိုမီတာ ၂၈၂ဝ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ခ)မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာတို့ဖြစ်ကြောင်း သိရသည်။ ထိုသို့ စီမံကိန်းခြောက်ခုသာ ရှိသည်ဟု ပြောဆိုသော်လည်း အမှန်တကယ် လုပ်ဆောင်ရန် စီစဉ်သည့် ရေကာတာများနှင့် စီမံကိန်းများမှာ ခြောက်ခုမှ ကိုးခုအကြား ရှိနေကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation၊ China Three Corporation၊ China Datang Over Seas Investment၊ Sinohytro၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခုမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၉ဝ ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အား အနည်းငယ်ကို မည်သို့ဖြန့်ဝေ သုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့် အစီအစဉ် မရှိသည့်အပြင် ပြည်သူလူထု မည်မျှ အကျိုးခံစားရမည်၊ မည်သို့ ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်း မရှိကြောင်း သဘာဝပတ်ဝန်းကျင် အရေးများအား လုပ်ဆောင်နေသည့် သတ္တုတွင်း ပညာရှင်ဖြစ်သူ ဦးစောမိုးမြင့်က ဆိုသည်။

အထက်ပါ စီမံကိန်းများအနက် ကရင်ပြည်နယ်တွင် အဆိုပြုထားဆဲဖြစ်သည့် ဒင်းဝက်ဆည်နှင့် ဝဲကြီးဆည် မပါဝင်သေးဘဲ လတ်တလောတွင် ရှမ်းပြည်နယ်အထက် သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာပြည်သူများနှင့် အမှန်တကယ် ထိခိုက်မည့် သံလွင်မြစ်အား မှီခိုနေရသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဒေသခံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမှုမရှိဘဲ Asia World နှင့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Hanergy Group Holding Ltd တို့အား လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“လက်ရှိ ရေကာတာဆောက်တာက ၂ဝ၁၂ ခုနှစ်မှာ အကြီးစားစီမံကိန်း ၁၉ ခုရှိတယ်။ ဒီနှစ်မှာ ပေါင်းလောင်းက ထပ်ပြီးလုပ်တာ ရှိတယ်။ ဆောက်ပြီးသား ဆည်တွေကို ကြည့်ရင် ကျွန်တော်တို့က ဝင်ငွေအရ ရှုံးတယ်။ လက်ရှိ ရေကာတာ ဆောက်လုပ်မှုကို ကြည့်ရင် အစိုးရဆောက်တာ ၁၄ ခု ရှိတယ်။ ကုမ္ပဏီ အသေးလေးတွေက ဆောက်တာ ခုနစ်ခု ရှိတယ်။ ဒါပေမဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေက ဆောက်တာ ၄၈ ခု ရှိတယ်။ အများဆုံးက တရုတ်၊ ထိုင်း။ ဒါတွေကို ကြည့်မယ်ဆိုရင် ဥပမာ ထိုင်းနိုင်ငံက EGAT က ဆောက်မယ့် တာဆန်းရေကာတာမှာဆိုရင် အင်ဂျင်နီယာ ၁ဝဝဝဝ ဆိုရင် မြန်မာအင်ဂျင်နီယာ ငါးရာခိုင်နှုန်းလောက်ပဲ ပါမယ်။ EIA၊ SIA မှာဆိုရင် မြန်မာကုမ္ပဏီကိုငှားမှာ မဟုတ်ဘူး။ ဆည်ဆောက်မယ့် ကျွမ်းကျင်လုပ်သားတွေကလည်း မြန်မာနိုင်ငံမှာ မရှိဘူး။ ဒီတော့ ဆည်စတင်ဆောက်လုပ်တဲ့ ကဏ္ဍမှာ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ်မှ မရှိဘူး။ အလုပ်ကြမ်းသမား အတွက်ပဲ အလုပ်ရမယ်။ လျှပ်စစ်ဓာတ်အား ရောင်းတော့လည်း တခြားနိုင်ငံကို ပြန်ရောင်းဦးမယ်ဆိုတော့ မြန်မာ့လျှပ်စစ်ဓာတ်အားက ရတဲ့ငွေက ကျွန်တော်တို့က မရပြန်ဘူး။ လျှပ်စစ် ရပြန်တော့လည်း ကျွန်တော်တို့နိုင်ငံက မရပြန်ဘူး” ဟု မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်မှ စိုင်းခေးဆိုင်က ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မေခနှင့် မလိခမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်စီမံကိန်းများ အပါအဝင် ဆည်ခုနစ်ခုမှာ ဆည်များပျက်စီးမှု အန္တရာယ် နည်းပါးစေရန် သတ်မှတ်ချက် သီအိုရီဖြစ်သည့် ဒိုမီနို သီအိုရီအရ ဆည်တစ်ခုနှင့် တစ်ခုအကြား မိုင် ၆ဝ ကွာဝေးမှု မရှိသဖြင့် အန္တရာယ်ကြီးမားကြောင်း ဒေါက်တာဝင်းမြင့်က ထောက်ပြသည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်မည် ဆိုပါက မြစ်ဆုံ၏အောက်ဘက် ဧရာဝတီမြစ်အောက်ပိုင်းအထိ Downstream Impact လုပ်၍ ဆိုးကျိုးသက်ရောက်မှုများ ဆန်းစစ်ရန် အကြံပြုခဲ့ပြီး Downstream Impact လုပ်ပြီးမှသာ အဆိုပါ စီမံကိန်းကို လက်ခံနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း စီမံကိန်းလုပ်ဆောင်မည့် CPI ကမူ Downstream Impact အတွက် ဘတ်ဂျက်မရှိကြောင်း ပြောကြားထားသည်ဟု ဒေါက်တာဝင်းမြင့်က ဆိုသည်။

“ဆည်တွေမှာဆိုရင် ဒိုမီနို သီအိုရီဆိုတာ ရှိပါတယ်။ ဒီသီအိုရီအရ ဆောက်မယ်ဆိုရင် ဆည်တစ်ခုနဲ့ တစ်ခုက မိုင် ၆ဝ ဝေးရမယ်။ ဒါပေမဲ့ အခု မြစ်ဆုံရဲ့အထက်မှာ ဆောက်ထားတဲ့ ဆည်ခုနစ်ခုက တစ်ခုနဲ့တစ်ခု မိုင် ၆ဝ မကွာပါဘူး။ အဲဒီအတွက် ဒိုမီနိုပြဿနာနဲ့ ကျွန်တော်တို့ ဧရာဝတီမှာ ရင်ဆိုင်နိုင်ပါတယ်။ မြစ်ဆုံအစီရင်ခံစာ စချိန်မှာဆို ကျွန်တော်က ဘန်ကာရဲ့အောက်မှာ လုပ်တယ်။ အဲဒီမှာ ကျွန်တော်တို့က တရုတ်တွေနဲ့ တွေ့တယ်။ သူတို့က ကျွန်တော်တို့ကို ဒေတာပဲ ကောက်ခိုင်းတယ်။ ဒီလို ဒေတာပဲ ကောက်မယ်ဆိုရင် ကျွန်တော်တို့ မလုပ်နိုင်ဘူးပြောတော့ တရုတ်ကလည်း အစီရင်ခံစာ တင်တယ်။ ကျွန်တော်တို့ကလည်း အစီရင်ခံစာ တင်တယ်။ နောက်ပိုင်းမှာ ကြားတာကတော့ အစိုးရကို အစီရင်ခံစာ တင်ချိန်မှာ မြန်မာအစီရင်ခံစာ တင်ပေမယ့် ကျွန်တော်တို့ အစီရင်ခံစာကို ခေါက်ထားလိုက်ပြီး တရုတ်အစီရင်ခံစာနဲ့ လုပ်သွားတယ်။ ကျွန်တော်တို့အနေနဲ့ မြစ်ဆုံရဲ့အောက်ဘက် ဟိုးဧရာဝတီအထိ Downstream Impact လုပ်ပြီး ဆိုးကျိုးသက်ရောက်မှုတွေ ဘာတွေရှိနိုင်လဲဆိုတာ လုပ်ဖို့ အကြံပြုခဲ့တယ်။ ဒါပေမဲ့ CPI က Downstream Impact အတွက် ဘတ်ဂျက်မရှိဘူး ပြောထားတယ်။ ကျွန်တော်တို့ကလည်း Downstream Impact လုပ်ပြီးမှ လက်ခံနိုင်မယ် ပြောထားတယ်” ဟု မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပညာရှင်များနှင့် အစီရင်ခံစာ လုပ်ဆောင်ခဲ့သူ Enviromental & Economic Research Institute မှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ဆည်များတွင် အများဆုံး ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်နေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ၏ ရလဒ် ရာခိုင်နှုန်း ၉ဝ ကျော်ကို ယင်းတို့က ရယူ၍ မြန်မာနိုင်ငံမှ ၁ဝ ရာခိုင်နှုန်း ဝန်းကျင်သာ ရရှိနေကြောင်း သိရသည်။  

“လုံးခင်း ရေကာတာဆိုရင် အနားမှာ ရွာကြီးလေးငါးရွာ ရှိတယ်။ ဒီကနေ လောပိတကို သွားတယ်။ အခု ဂျပန်ကနေ လောပိတ ၂ စီမံကိန်း ဆောက်တယ်။ ၂ဝ၁၁ ခုနှစ်တုန်းက ဆိုရင်ဆည်က ၁၇ ခုရှိတယ်၊ ကီလိုဝပ် အား ၁၃၂ဝဝ ကျော်ထွက်တယ်။ ဒါပေမဲ့ ဒီနှစ်ကျတော့ ကီလိုဝပ် ၁၇ဝဝဝ လောက် လျှပ်စစ်ဓာတ်အား ထွက်နေတယ်။ ရွှေလီ ၁ ဆိုရင် တရုတ်နိုင်ငံကို သွားနေတယ်။ တရုတ်နိုင်ငံကနေ ကျွန်တော်တို့ နိုင်ငံကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေတယ်။ စီးပွားရေးမှာ ကျွန်တော်တို့ ရှုံးနေပြီ။ လူမှုရေးဆိုရင် ရေကြီးရေ မြုပ်တာတွေ မြစ်ဆုံလို စီမံကိန်းမှာဆိုရင် နစ်နာကြေးမပြောနဲ့ ဖယ်ရတဲ့အခတောင် တအားနစ်နာနေတယ်။ ကျွန်တော်တို့ရတာက တစ်ရာခိုင်နှုန်းလောက်ပဲရှိပြီး ၉၉ ရာခိုင်နှုန်းလောက်က ဆုံးရှုံးနေတယ်။  မြစ်ဆုံမှာလည်း ပြည်သူလူထု ထိခိုက်နိုင်မှု ဆန်းစစ်ချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဖွင့်ချတာ မရှိသေးဘူး” ဟု စိုင်းခေးဆိုင်က ပြောကြားသည်။

လက်ရှိအချိန်တွင် သံလွင်မြစ်ပေါ်၌ တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ပေးရန် ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်အတွင်းမှ ဒေသခံ ၆၁ဝဝဝ ဦးနှင့် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့မှ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများအား ရေကာတာစီမံကိန်း အကောင်အထည်ဖော်နေသည့် ကုမ္ပဏီများ၊ တရုတ်နှင့် ထိုင်းသံရုံးများ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာနှင့်တကွ ပူးတွဲပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  

Eleven Media Group

No comments:

Post a Comment