Monday 19 January 2015

KIA အဖွဲ့မှ အများပြည်သူသုံး လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီး



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈ မိုင်လမ်းဆုံ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ မိုးကောင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၉/၃)ရှိ တံတားအမှတ်(၁/၁၀)၊ အရှည်ပေ ၆၀၊ အနံ ၁၂ ပေရှိ သံဘောင်ဘေလီ သစ်သားတံတားအမျိုးအစား( ပါဟုတ်ချောင်းကူးတံတား)အား ဇန်န၀ါရီ ၁၇ ရက် နေ့လည် ၃ နာရီခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရပါသည်။
အဆိုပါတံတား ၏ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ မိုင်တိုင် အမှတ်(၉/၇)ရှိ တံတားအမှတ်(၂/၁၀)၊ အရှည် ပေ ၃၀၊ အနံ ၁၂ ပေရှိ ဘေလီသစ်သား တံတား ( ၁၀ မိုင်ချောင်းကူးတံတား )အား ညနေ ၄ နာရီခွဲချိန် ခန့်တွင် KIA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု ခွန်ဆိုင်ဇွတ်ကျေးရွာ အ၀င် မိုင်တိုင်အမှတ်(၂၇/၅)ရှိ တံတားအမှတ် (၁/၂၈)၊ အရှည်ပေ ၁၅ ၊ အနံ ၁၂ ခန့်ရှိ ချောင်းဆုံသစ်သားတံတားအား KIA အဖွဲ့မှ ညနေ ၄ နာရီခွဲချိန် ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံယာဉ်မောင်း တစ်ဦး ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် နမ့်ခိုင်ကျေးရွာအနီးမှ အရှည် ၂၁ ပေ၊ အနံ ၁၄ ပေရှိ ကွန်ကရစ် တံတားနှင့် အရှည် ၂၄ ပေ အနံ ၁၇ ပေရှိ ကွန်ကရစ်တံတား ၂ စင်းအား ညနေ ၅ နာရီခန့်တွင် KIA အဖွဲ့မှ ကုမ္ပဏီဘက်ဟိုးယာဉ်မောင်းအား ခြိမ်းခြောက် ဖျက်ဆီး ခိုင်းခဲ့သဖြင့် တံတားများ ပျက်စီးသွားပြီး မိုးကောင်း-ဖားကန့်သွားကား လမ်းပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ပြတ်တောက်သွားကြောင်း သိရသည်။

KIA အဖွဲ့အနေဖြင့် အများပြည်သူ အသုံးပြုနေသော လမ်းတံတားများ အား ဖောက်ခွဲဖျက်ဆီးခြင်းသည် နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ သည့်အပြင် ဒေသခံပြည်သူများ မျှော်လင့်နေသော ငြိမ်းချမ်းရေးကိုလည်း ဖျက်ဆီးရာ ရောက်ကြောင်း ဒေ သခံပြည်သူ များ၏ ပြောကြားနေ မှုများအရ သိရှိရပါသည်။

ဇော်နောင်
Kachin Daily News

No comments:

Post a Comment