Monday 19 January 2015

ခြောက်ပွင့်ဆိုင်ထက် ပြည်သူအားလုံး လက်ခံတဲ့ ကိုယ်စားပြု တွေ့ဆုံမှုဖြစ်ရေး သမ္မတတုံ့ပြန်

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးဟာ နိုင်ငံရေးအတွက် စုပေါင်းအဖြေရှာတဲ့ သဘောတရား ဖြစ်ပေမယ့် တိုင်း ရင်းသား ပြည်သူအများစု လက်ခံတဲ့ တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ လိုက်ပါတယ်။

၁၁ ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် ဒီကနေ့ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေး ပထမနေ့မှာ အကြောင်းပြန်တာ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်း လွှတ်တော်တွေမှာ အတည်ပြုထားတဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျိုးစု ၇ စု ပါဝင်သော တွေ့ဆုံမှုကို အလေးထားပြီး တိုင်းရင်းသား ပြည်သူအားလုံး၊ လူထု လူတန်းစား အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေး အင်အားစုတွေ လက်ခံတဲ့ တွေ့ဆုံမှုကို ဖြစ်စေလိုတယ်လို့ အဲဒီသဝဏ်လွှာမှာ ရေးသားထားပါတယ်။

၆ ပွင့်ဆိုင် သို့မဟုတ် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကနေ ဘယ်လို တွေ့ဆုံရေးမျိုးကို လိုလားလဲ လွှတ်တော်က ပြန်လည် အကြောင်းကြားပေးဖို့ နိုင်ငံတော်သမ္မတက ဆိုလိုတာ ဖြစ်တယ်လို့ သဝဏ်လွှာနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြန်လည် ပြောဆိုပါတယ်။

နိုင်ငံတော်သမ္မတ ပေးပို့တဲ့ သဝဏ်လွှာနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က မှတ်ချက်တစ်စုံတရာ မပေးဘဲ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment