Monday 19 January 2015

KIA (ကချင်) လက်နက်ကိုင် အဖွဲ့က စစ်ရေးနှင့် မသက်ဆိုင်သော ဒေသခံပြည်သူများ နေထိုင်လျက်ရှိသည့် ရက်ကွက်များ အတွင်းနှင့် ရဲစခန်းများအား လက်ပစ်ဗုံးများ ၊ မိုင်းများဖြင့် နှောင့်ယှက်တိုက်ခိုက်



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လုံးခင်းနယ်မြေ ရဲစခန်းဝင်း အတွင်းသို့ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီခွဲ ချိန်ခန့်တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် စီးနင်း၍ လက်ပစ်ဗုံး တစ်လုံးဖြင့် အလစ်အငိုက် ပစ်သွင်း ထွက်ပြေး သွားခဲ့ရာ ရဲတပ်ကြပ် ကူရှင်ဖုန်းဆားရ် ၏ ဇနီးဖြစ်သူ ဒေါ်နန်းဆိုင် ၅၂ နှစ်၊ သားဖြစ်သူ ဆခေါင်ဝမ်ဖုန်း ဆားရ် ၂၃ နှစ်၊ တူဖြစ်သူ ဖုန်တီအောင် ၁၈ နှစ်နှင့် ရဲတပ်ကြပ် စောထွန်းအောင် ၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာနည်မြင့် ၃၇ နှစ်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။


ထို့အတူ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ သာယာကုန်း ကျေးရွာအနီး ရှိ ဂျိတ်ပါဝါ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ ဂိတ်တဲအား KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ်စီးနင်း ရောက်ရှိ လာပြီး လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေး သွားခဲ့ရာ ဂိတ်တဲ၏ သွပ်မိုးပေါ်သို့ တစ်လုံး၊ ဂိတ်အဆောင် ဘေးသို့ တစ်လုံး ကျရောက် ခဲ့သော်လည်း ပေါက်ကွဲမှု မဖြစ်ခဲ့ သဖြင့် တပ်မတော် စစ်ကြောင်း က သွားရောက် ရှင်းလင်းခဲ့ပြီး အဆိုပါ လက်ပစ်ဗုံး နှစ်လုံးအား အန္တရာယ် ကင်းရှင်းစွာဖြင့် ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်။

အလားတူ ဇန်နဝါရီ ၁၆ ရက် နံနက် ၁ဝ နာရီခွဲချိန် ခန့်တွင် ဖားကန့်မြို့၊ ငှက်ပျောတော ရပ်ကွက်၊ စည်ပင်သာယာ ပန်းခြံထောင့်ရှိ အမှိုက်ပုံ အနီး၌ မော်ဝမ်းရပ်ကွက် ဘက်မှ မြို့မရပ်ကွက် ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ် မှ KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦးက မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ အမှိုက်ပုံ ပေါ်သို့ ကျရောက် ပေါက်ကွဲ ခဲ့သည်။

ည ၆ နာရီ မိနစ် ၄ဝ ချိန်ခန့် တွင်လည်း ဖားကန့်မြို့၊ မြို့မရပ်ကွက် ရှိ ဥရုရတနာ ကျောက်စိမ်း တံတားထိပ်၌ လုံခြုံရေး တာဝန် ထမ်းဆောင် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင် များအား ငှက်ပျောတော ရပ်ကွက်ဘက်မှ မြို့မရပ်ကွက် ဘက်သို့ KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦး မောင်းနှင်လာ သည့် ဆိုင်ကယ်ပေါ်မှ မိုင်းတစ်လုံး အား ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက် နေသည့် အနီး ကတ္တရာ လမ်းပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အနက် ၁ လက်မ၊ အကျယ် ၄လက်မခန့် ချိုင့်ခွက် ဖြစ်သွား ခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၁၇ ရက် ည ၆ နာရီ ၃၅ မိနစ်ချိန် ခန့်တွင် ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်ရှိ ဖားကန့်မြို့မ ရဲစခန်း၊ ခြံစည်းရိုးရှေ့ ကားလမ်းဘေး ရေမြောင်း အနီး (ရဲစခန်း ဝင်ပေါက်၏ ဝဲဘက်) ၌ KIA (ကချင်) လက်နက်ကိုင် အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့သဖြင့် ရဲစခန်းရှေ့ ခြံစည်းရိုး အတွင်း စိုက်ထူထားသည့် ရေမဆေးကျောက် ရှာဖွေသူများ အန္တရာယ် ရှိသည် သတိပေး ဆိုင်းဘုတ် နှင့် တိုင်ကြား နိုင်သည့် ဖုန်းနံပါတ် များပါ ဗီနိုင်း ဆိုင်းဘုတ်များ ပျက်စီးသွား ခဲ့သည်။

အလားတူ ည ၇ နာရီခွဲ ချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရှိ ကျောက်စိမ်း တူးဖော်ရေး ဌာန (လုံးခင်း) ရုံးဝင်း အုတ်တံတိုင်း ရှေ့အား လုံးခင်းဘက်မှ အေးချမ်းသာယာ ရပ်ကွက် ဘက်သို့ KIA (ကချင်) လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦး မောင်းနှင် လာသည့် ဆိုင်ကယ်ပေါ်မှ မိုင်းတစ် လုံးအား ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သော်လည်း လူနှင့် ပစ္စည်းများ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

KIA (ကချင်) လက်နက်ကိုင် အဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရနှင့် တပ်မတော် မှ ဆောင်ရွက်လျက် ရှိသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် ပါဝင် ဆောင်ရွက်မှု မရှိဘဲ နယ်မြေ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ဒေသခံ ပြည်သူများ နေထိုင်လျက် ရှိသည့် နေရာများတွင် မိုင်း ဖောက်ခွဲခြင်း၊ တံတား များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အဓမ္မ လူသစ် စုဆောင်းခြင်း များ ဆောင်ရွက်ခြင်း စသည့် ဒေသခံ ပြည်သူများ အထိတ်တလန့် ဖြစ်စေမည့် လုပ်ရပ်များအား ဆောင်ရွက် နေသဖြင့် ဒေသခံ ပြည်သူများက KIA (ကချင်) လက်နက်ကိုင် အဖွဲ့အား ယုံကြည်မှု ကင်းမဲ့လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment