Monday 19 January 2015

ဗကသ ကျောင်းသားများ ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရိုက်နှက်ခံရ


အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုတွင် ကျောင်းသားအဖွဲ့သည် ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရပ်ကွက်လူငယ်များက စကားကျယ်လောင်စွာ မပြောဆိုရန် တားမြစ်ခြင်းကို ဗကသ ကျောင်းသားများက လက်မခံဘဲ ညစ်ညမ်းစွာ ပြန်လည်ပြော ဆိုခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ရကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။


ဗိုလ်တထောင်မြို့နယ် ၄၁ လမ်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ငါးဦးကို စကားပြော ဆူညံသည်ဟု ဆိုကာ ဗိုလ်တထောင် အမှတ် ၈ ရပ်ကွက်နှင့် ၆ ရပ်ကွက်နေသူများက အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်မှု တစ်ခု ဇန်နဝါရီလ ၁၇ ရက် နံနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဗိုလ်တထောင် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ဗကသအဖွဲ့ချုပ်ထံ လာရောက်လေ့လာနေသော မှော်ဘီ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား ကိုထက်လင်း အပါအဝင် ဗကသအဖွဲ့ဝင် ကျောင်းသားငါးဦးသည် ယင်းတို့ ငှားရမ်းနေထိုင်သည့် ကမ်းနားလမ်းဘက်ခြမ်း ၄၃ လမ်းရှိ တိုက်ခန်းသို့ ပြန်လာစဉ် ဆူညံစွာ စကားပြောဆိုခဲ့သောကြောင့် ယင်းရပ်ကွက်နေ လူငယ်များနှင့် စကားများပြီး နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

“ကမ်းနားလမ်းဘက်မှာ လက်ဖက်ရည် ဆင်းသောက်ပြီး အိမ်ပြန်လာချိန် ကျွန်တော်တို့အဖွဲ့ထဲက မူးနေတဲ့ တစ်ယောက်က အစိုးရကို မကျေနပ်ကြောင်း အော်ပြောလိုက်မိတယ်၊ ဆက်မအော်ဖို့ တားနေချိန်မှာ နောက်ကနေ အယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုကြီး ရောက်လာပြီး ရန်လာရှာတယ်။ ရန်မဖြစ်အောင်လို့ ရှင်းပြပေမယ့် လက်မခံတာကြောင့် ရန်ဖြစ်ခဲ့ကြပေမယ့် လူအင်အား မမျှတော့ ကျွန်တော်တို့အဖွဲ့ ဒဏ်ရာတွေ တော်တော်ရလိုက်တယ်။ လူအုပ်နဲ့ အနိုင်ကျင့်ခံရတာကို အမှုမှန် ဖော်ထုတ်ပေးဖို့ စခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်” ဟု ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော တောင်ငူခရိုင် ဗကသအဖွဲ့ဝင် ကိုထက်လင်းက ဆိုသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုတွင် ကျောင်းသားအဖွဲ့သည် ရပ်ကွက်အတွင်း ညဥ့်နက်ချိန် အရက်သေစာ သောက်စားပြီး ဆူညံစွာ အော်ဟစ်ပြောဆိုနေသောကြောင့် ရပ်ကွက်လူငယ်များက စကားကျယ်လောင်စွာ မပြောဆိုရန် တားမြစ်ခြင်းကို ဗကသ ကျောင်းသားများက လက်မခံဘဲ ညစ်ညမ်းစွာ ပြန်လည်ပြောဆိုခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ရကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“သူတို့တွေ ကျောင်းသားတွေဆိုတာ မသိခဲ့ပါဘူး။ ပြဿနာဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားမှ သိရတာ။ အဲဒီညက ၄၁ လမ်းထိပ်မှာ ထိုင်နေတဲ့ လူငယ်အဖွဲ့က သူတို့အဖွဲ့ မူးပြီး ပြန်လာချိန် လမ်းပေါ်မှာ အော်ဟစ်ဆဲဆိုနေတာကို သွားတားရာက ရန်ဖြစ်ခဲ့ကြတာ။ ရန်ပွဲကို ဝိုင်းအုံကြည့်ခဲ့လို့ လူအုပ်ကြီး ဖြစ်ခဲ့ပေမယ့် လူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ခဲ့သူတွေက ၁၅ ယောက်ထဲ ပါပါတယ်။ ညတွင်းချင်း ၁၅ ယောက်လုံးကို စခန်းခေါ် စစ်ဆေးခဲ့တယ်” ဟု ဗိုလ်တထောင် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး စိန်ဝေက ဆိုသည်။

လူအုပ်စု ရိုက်နှက်ခံရမှုကြောင့် ဗကသကျောင်းသား အဖွဲ့ဝင် ငါးဦးမှာ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ဗကသအဖွဲ့ဝင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား ကိုအောင်သောင်းဦးမှာ ဦးခေါင်းအက်ကွဲ ဒဏ်ရာ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောကု ဌာနတွင် ဆေးကုသမှု ခံယူနေရကြောင်း ဗကသအဖွဲ့ချုပ်ထံမှ သိရှိရသည်။

“ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဗကသကျောင်းသား အဖွဲ့ကို ရိုက်နှက်ခဲ့သူတွေက စွမ်းအားရှင်နဲ့ ထောက်လှမ်းရေး သတင်းပေးအဖွဲ့က လူတွေလို့ စွပ်စွဲထားတာ ရှိပေမယ့် လတ်တလော စခန်းမှာ ရိုက်နှက်ခံရသူတွေက ဗကသအဖွဲ့ဝင်လို့ မပြောဘဲ အရပ်သားအဖြစ် လာအမှုဖွင့်ထားသလို ဟိုဘက်ကလည်း ရပ်ကွက်ပြည်သူ အဖြစ် အမှုဖွင့်ဖို့ စီစဉ်နေတယ် ဆိုတာပဲ သိရသေးတယ်။ စုံစမ်းစစ်ဆေးချက်တွေ ခိုင်လုံရင် သတင်းအမှန် ထုတ်ပြန်ပေးသွားပါ့မယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ဆိုသည်။

ဗကသကျောင်းသားများ အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကို တောင်ငူခရိုင် ဗကသအဖွဲ့ဝင် ကိုထက်လင်းက နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူ အဖြစ် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၁၅ ဦးကို ပုဒ်မ ၃၂၃၊ ၃၂၅၊ ၁၁၄၊ ၄၀၃ တို့ဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေကြောင်း၊ အမှုဖွင့်တိုင်ကြားခံရသူများဘက်မှလည်း ဗကသ ကျောင်းသားငါးဦးကို ပြန်လည်အမှုဖွင့်သွားမည် ဖြစ်ကြောင်း ဗိုလ်တထောင် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးစိန်ဝေက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment