Monday 19 January 2015

နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့်ရေး ချိန်ဆဆောင်ရွက်မယ်လို့ သမ္မတရုံး သဝဏ်လွှာပို့

နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မထိခိုက်စေဖို့ နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးမြှင့် ပေးရေးကို ချိန်ဆ ဆောင်ရွက်မယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တဲ့ သဝဏ် လွှာမှာ ပါရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေဆီကနေ သိရှိရပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထား တိုးမြှင့်ပေးတာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ဖြစ်ပေမယ့် အဓိက ကျတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မထိခိုက်စေဖို့နဲ့ မက်ခရို စီးပွားရေး အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့ ချိန်ဆဆောင်ရွက်နေတာလို့ အဲဒီသဝဏ်လွှာမှာ ပါရှိပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနဲ့ စရိတ်တွေ တိုးမြှင့်သတ်မှတ်ရင် နိုင်ငံပိုင်အခန်း ကဏ္ဍရင်းနှီးမြုပ်နှံမှု၊ သာမန် အသုံးစရိတ်နဲ့ ငွေလုံးငွေရင်း အသုံးစရိတ် အခြေအနေ၊ ငွေကြေး ဖောင်းပွမှုနှုန်းနဲ့ ကုန်ဈေးနှုန်း မြင့်တက် လာနိုင်မှု၊ ဘတ်ဂျက်လိုငွေနဲ့ ပြည်တွင်း ကြွေးမြီး အခြေအနေတွေကို ထည့်သွင်း စဉ်းစားရမယ်လို့ အဲဒီ သဝဏ်လွှာမှာ ပါရှိပါတယ်။

ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေက ဝန်ထမ်းတွေရဲ့ လစာနှုန်းအပေါ် သက်ရောက် နိုင်မှု၊ လစာတိုးမြှင့်မှုနဲ့အတူ အငြိမ်းစားလစာတွေ၊ ဒေသစရိတ်၊ ချီးမြှင့်ငွေ၊ နေ့တွက်စရိတ်တွေ တိုးမြှင့်မှု ကြောင့် ပိုမိုသုံးစွဲရမယ့် အသုံးစရိတ်တွေနဲ့ ရေရှည်ကျင့်သုံး ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိမရှိ စတဲ့ အချက် အလက်တွေကို ဘက်စုံထောင့်စုံက စဉ်းစားရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ပေးပို့တဲ့ သဝဏ် လွှာမှာ ပါရှိပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ် တော် ရဲ့ အရေကြီး အဆိုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ဆောင်ရွက်မှု အခြေအနေတွေကို သဝဏ်လွှာ ပေးပို့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံတွေမှာ အဂတိ လိုက်စားမှု အမြင့်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ အစိုးရ ဝန်ထမ်းတွေကို လစာ တိုးမြှင့်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းရှင်းလာမယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြောဆိုထားပါတယ်။

The Voice Weekly

No comments:

Post a Comment