Thursday 29 January 2015

တရားစွဲခံရသော အမှုများတွင် သမာသမတ်ကျသော စကားပြန်များ အသုံးပြုပေးရန် ထိုင်းအစိုးရကို တောင်းဆို

ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် မြန်မာနှစ်ဦး တရားစွဲဆိုခံထားရမှုများရှိနေရာ ထိုင်းနိုင်ငံ၌ မြန်မာများ တရားစွဲဆိုခံရသည့် အမှုများတွင် စကားပြန်များ ဘက်လိုက်မှု မရှိစေရေးအတွက် ထိုင်းနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက လေ့ကျင့်ပေးထားသော ဘာသာပြန်များကိုသာ အသုံးပြုပေးရန် တောင်းဆိုထားကြောင်း လူ ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက The Voice သို့ပြောကြားသည်။

“နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးမှာ ဒါလည်း စိန်ခေါ်မှု တစ်ခုပါပဲ။ ထိုင်း ဘက်မှာရှိတဲ့ ဘာသာပြန်တွေရဲ့ ဘက်လိုက်မှုတွေ၊ တစ်ဖက်သတ် ဘာသာပြန်ပေးတာ ဒါတွေက ရှိခဲ့တဲ့အတွက် ထိုင်းဘက်မှာ ဘာသာပြန်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့သူ မှတ်ပုံတင်ထားတဲ့ သူတွေနဲ့ ဘာသာပြန်ပေးဖို့ပါ။ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးကြတယ်။ ထိုင်းဘက်မှာ လူမှုဝန်ထမ်း ဦးစီးဌာနက လေ့ကျင့်ပေးထားတဲ့ ဘာသာပြန်တွေ ရှိတယ်လို့ သိရတယ်။ ဒါတွေကိုလည်း အသုံးပြုမယ်လို့ သိရတယ်” ဟု ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ဆိုသည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာများနှင့် ပတ်သက်၍ အမှုဖွင့် တရားရုံး တင် စစ်ဆေးခဲ့ရာ သက်သေ မခိုင်လုံခြင်း၊ သက်သေထွက်ရာတွင် စကားပြန် မှားယွင်း ပြောဆိုမှုကြောင့် ကျူးလွန်သူများ လွတ်မြောက်သွားခြင်းများ ဖြစ်ပွားခဲ့ကြောင်း အမှတ်၂ လူကုန်မှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲထံမှ စုံစမ်းသိရသည်။

“နှစ်နိုင်ငံကြားမှာ ဘာသာစကား ကျွမ်းကျင်မှုက အရမ်းအရေးကြီးတယ်။ တရားဝင် သတ်မှတ်ထားတဲ့ ဘာသာပြန်တွေ အသုံးပြုဖို့ လိုအပ်တယ်။ ဘာသာပြန်က ထိုင်းဘက်ကို ဘက်လိုက်ပြန်တဲ့အတွက် လိပ် ကျွန်းလူသတ်မှု ဖြစ်စဉ်ကိုလည်း ကြုံခဲ့ရပြီးပြီလေ။ နှစ်နိုင်ငံညှိနှိုင်းနေဆဲဖြစ်တယ်။ တရားဝင် သတ်မှတ် ပေးဖို့ နားလည် တတ်ကျွမ်းတဲ့သူတွေ ထားပေးဖို့ ညှိဆဲပဲ။ ဘာသာပြန်က ဈေးကြီးတယ်။ ငွေရေးကြေးရေး တွေ ပါလာတဲ့အတွက် တခြား NGO အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးမှ လုပ်ဆောင်ရမှာ ဖြစ် တယ်” ဟု အမှတ် ၂ လူကုန်မှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လှက ဆိုသည်။

အမှုအတွက် ငှားရမ်းရသည့် စကားပြန် နှုန်းထားများမှာ မြန်မာငွေနှင့် တွက်ပါက ကျပ်သိန်းဂဏန်း ရှိပြီး အမှုများတွင် အဓိက ရင်ဆိုင်နေရသည်မှာ စကားပြန်များက အလွဲပြန်ပေးမှုများ ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် လူကုန်ကူးမှု ၁၂၄ မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့ ၇၇ မှု၊ထိုင်း ၁၈ မှု၊ ပြည်တွင်း ၂၆ မှု၊ မလေးရှားသို့ သုံးမှုတို့ ဖြစ်ပွားခဲ့ကြောင်း အမှတ် ၂ လူကုန်မှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲ မှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမှ The Department of Special Investigation (DSI) တို့ ၁၁ ကြိမ်မြောက် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက် နေ့ အထိ မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်တွင် ကျင်းပခဲ့သည်။

The Voice Weekly 

No comments:

Post a Comment