Thursday 29 January 2015

အစ္စရေးကို ထိပါးမှုတိုင်းအတွက် ပေးဆပ်ရမည်ဟု ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို နေတန်ညာဟူ သတိပေး

အစ္စရေးကို ထိပါးမှု တစ်ခုစီတိုင်းအတွက် ပြည့်ပြည့်ဝဝ ပြန်လည် ပေးဆပ်ရလိမ့်မည်ဟု လက်ဘနွန် အခြေ စိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွများကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက သတိပေး ပြောကြား လိုက်သည်။

ဇန်နဝါရီ ၂၈ ရက်က ဟစ်ဇ်ဘိုလာတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည် ထိမှန်သဖြင့် အစ္စရေး စစ်သားနှစ်ဦး သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ လက်နက် ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် စပိန်နိုင်ငံသား တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်း ဒေသတွင် နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ဦးတည်နေကြောင်း စိုးရိမ်တကြီး သုံးသပ်မှုများလည်း ရှိနေသည်။ ဟစ်ဇ်ဘိုလာတို့က စတင် တိုက်ခိုက်ခဲ့သည့်နောက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းသည် ရန်သူတော် တပ်ဖွဲ့နှစ်ခုကြား ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အဆိုးရွားဆုံး ထိပ်တိုက် တွေ့ဆုံမှုလည်း ဖြစ်လာသည်။

“ဒီတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ် အပြည့်အဝ ပြန်ပေးဆပ်ရလိမ့်မယ်”ဟု နေတန်ညာဟူက ပြော ကြား ခဲ့သည်။ ၎င်းသည် ဇန်နဝါရီ ၂၈ ရက်၊ ညနေပိုင်းတွင် အစ္စရေး လုံခြုံရေး ထိပ်တန်းအရာရှိများကို အစည်းအဝေးခေါ်ယူ တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံတကာရေးရာဌာန အကြီးအကဲ ဖက်ဒရစ်ကာ မော့ဂ်ဟာရီနီက နှစ်ဖက် အပစ်အခတ် အမြန်ဆုံး ရပ်စဲရန် တိုက်တွန်းထားပြီး ကုလသမဂ္ဂကလည်း လက်ရှိ ဖြစ်ရပ်များအတွက် အရေးပေါ် ဆွေးနွေး ညှိနှိုင်းရန် တောင်းဆိုထားသည်။

ဟစ်ဇ်ဘိုလာ ပြောက်ကျားများက အစ္စရေး ထိန်းချုပ်ထားရာ ဧရိယာအတွင်း စစ်ဘက်ယာဉ်တန်း တစ်ခုကို တင့်ကားဖျက် ဒုံးကျည်များဖြင့် ပစ်ခတ်ရာမှ အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့ခြင်းဟု သိရသည်။ အစ္စရေး စစ်ဘက်က အဆိုပါ တိုက်ခိုက်မှုတွင် နောက်ထပ် (၇)ဦး ဒဏ်ရာ ရခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရမှု မရှိဟု ကြေညာခဲ့သည်။

အစ္စရေးသည် ယင်းရန်လိုတိုက်ခိုက်မှုကို ကြည်းတပ်ရော၊ လေတပ်ဖြင့်ပါ တုံ့ပြန် ထိုးစစ်ဆင်ပြီး လက်ဘနွန် တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတို့ကို ချေမှုန်းသွားမည်ဟုလည်း ဆိုသည်။ ယခုဖြစ်ရပ်သည် မကြာသေးမီက ဂိုလန် ကုန်းပြင်မြင့်တွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်သဖြင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်းအချို့ သေဆုံးခဲ့ခြင်းအပေါ် စစ်သွေးကြွများက လက်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ သည်။

ဟစ်ဇ်ဘိုလာတို့က မိမိတို့သည် အစ္စရေး၏ စစ်ဘက် ယာဉ်တန်းများကို ပစ်မှတ်ထားပြီး ဇီယွန်ဝါဒီ ရန်သူ တော်များကို ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့အပြင် မိမိတို့၏ တိုက်ခိုက်မှုအတွင်း ရန်သူ တပ်ဖွဲ့ဝင်အချို့ သေဆုံးကြောင်းလည်း ပြောကြားခဲ့သည်။

အစ္စရေးတို့က နယ်ခြားမှ ပစ်ခတ်လိုက်သည့် မော်တာကျည်ဆန် အချို့သည်လည်း မိမိတို့၏ စစ်စခန်းများ အတွင်း ကျရောက် ပေါက်ကွဲခဲ့သည့်တိုင် အသေအပျောက် မရှိဟု ဆိုသည်။ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် မိုတီ အယ်လ်မော့ဇ်က လတ်တလောတွင် လက်ဘနွန်နှင့် နယ်ခြားအနီးရှိ အစ္စရေး တပ်များကို နောက်ထပ် တိုက်ခိုက်မှုများ ကြုံလာနိုင်ခြေအတွက် တပ်လှန့်ထားကြောင်းလည်း အတည်ပြုခဲ့ သည်။

ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကို ပါလက်စတိုင်း အစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များဖြစ်သည့် ဟားမားစ်နှင့် အစ္စလာမ်မစ် ဂျီဟတ်ဒ်တို့က ချီးကျူးပြောကြားခဲ့ပြီး အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုကို ဟစ်ဇ်ဘိုလာတို့က တုံ့ပြန်ခွင့် ရှိသည်ဟု မိမိတို့ အပြည့်အဝ ထောက်ခံကြောင်း ဟားမားစ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆာမီအဘူ ဇူဟရီက ပြောကြားခဲ့သည်။ ထို့အပြင် ဂျီဟတ်ဒ်အဖွဲ့ကလည်း ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုသည် သူရဲကောင်းဆန်သော လုပ်ဆောင်မှုအဖြစ် ချီးကျူးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

Ref: CNA
7Day DAILY 

No comments:

Post a Comment