Thursday 29 January 2015

ဗိုလ်ချုပ် ၀,နေတယ်


ဝန်ကြီးများရုံးတွင် ရိုက်ကူးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းပုံများကိုကြည့်၍ ဗိုလ်ချုပ်နေရာ၌ သရုပ်ဆောင်သည့်သူ ၀,နေသည်ဟု ပရိသတ်များက ဝေဖန်မှုများထွက်ပေါ်လာသည်။
‘‘အကြံပေးလို့ရမယ်ဆိုရင် ဗိုလ်ချုပ်နေရာသရုပ်ဆောင်သူကို ၀ိတ်ချစေချင်ပါတယ်။ သမိုင်းတွင်မယ့် ဇာတ်ကားဖြစ်တာကြောင့် ပင်ပန်းဆင်းရဲမယ်ဆိုတာ သိပေမယ့် ဗိုလ်ချုပ်ကို ကျေးဇူးဆပ်သောအားဖြင့် တိုင်းပြည်အတွက် ပင်ပင်ပန်းပန်း၊ ငတ်ငတ်ပြတ်ပြတ် အလုပ်လုပ်သောကြောင့် ခပ်ပိန်ပိန်လူတစ်ယောက် ပုံပေါက်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသော အထက်ပါ ဇာတ်ဝင်ခန်းပုံများ၏အောက်၌ ထက်နိုင်လင်းအမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက အကြံပြုထားသည်။
ထို့အပြင် ပရိသတ်အချို့ကလည်း ဗိုလ်ချုပ်မှာ ပါးမဖောင်းသောကြောင့် သရုပ်ဆောင်မည့်သူ သူပါးစောင်ကျလျှင် လိုက်ဖက်မှုရှိမည်ဟုထင်ကြောင်း ထောက်ပြပြောဆိုထားသည်။

‘‘အဲဒီဇာတ်ဝင်ခန်းမှာ ပြည့်နေတယ်လို့တော့ထင်တယ်။ တကယ့်ကားကြီးရိုက်မယ်ဆိုရင်တော့ ၀ိတ်လည်းချရမယ်။ ဆံပင်ပုံစံကိုလည်း ဂရုစိုက်ရမယ်’’ဟု ဗိုလ်ချုပ်ဇာတ်ရုပ်တွင် သရုပ်ဆောင်သူ ကျော်ကျော်မျိုးကပြောသည်။
ယင်းဇာတ်ဝင်ခန်းတွင် လိုအပ်ချက်များရှိခဲ့ခြင်းမှာ အဆိုပါနေရာ၌ ရိုက်ကူးမည့်ရက်ကို ကြိုတင်မသိရှိသောကြောင့် ခရီးထွက်နေခြင်းဖြစ်ပြီး ရိုက်ကူးရတော့မည်ဆိုသောကြောင့် အမြန်ပြန်လာခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
‘‘ကျွန်တော်ဆို ခရီးလွန်နေတာ။ ပုဂံဘက်ကနေ တန်းပြီးဆင်းလာတာ။ အဲဒီနေ့က ဆံပင်ရှည်တယ်လို့တော့ ထင်တယ်။ ဒါ ပေမယ့် ရိုက်ဖို့က တစ်ရက်ပဲရတာဆိုတော့ မပြောင်းလိုက်ရဘူး။ နောက်ပြီး ဗိုလ်ချုပ်နဲ့ မျက်နှာကျတူဖို့ အဲဒီနေ့က မိတ်ကပ်လည်း မလိမ်းဖြစ်ဘူး’’ဟု ကျော်ကျော်မျိုးကပြောသည်။
ယင်းကဲ့သို့ပရိသတ်များ၏ ဝေဖန်မှုသည် ၎င်းတို့၏ဟာကွက်များကို တွေ့မြင်နိုင်ပြီး ၎င်းတို့အနေဖြင့် ပို၍ကောင်းမွန်အောင် ပြင်ဆင်နိုင်သည်ဟုဆိုသည်။
‘‘ဝေဖန်ကြတာကိုလည်း အပြစ်မတင်ပါဘူး။ ဒီရုပ်ရှင်ကိုရိုက်ဖြစ်တာက ကိုယ့်မှာရှိတဲ့ အနုပညာလေးနဲ့ ဗိုလ်ချုပ်ကို ဂါရဝပြုတာပါ။ အဲဒီအနုပညာနဲ့မဆိုင်တဲ့ တခြားအရာတွေကိုတော့ ကိုယ် တကယ့်ကိုမတတ်နိုင်တာ’’ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးကပြောသည်။
ထို့အပြင် ယင်းဇာတ်ဝင်ခန်းရိုက်ကူးရန် အချိန်အတိအကျမသိခဲ့ရသောကြောင့် ကြိုတင်ပြင်ဆင်ခွင့်မရခဲ့ဘဲ ရိုက်ကူးခွင့်ပြုသည်နှင့် တစ်ပြိုင်နက် ရိုက်ကူးခဲ့ရကြောင်း ၎င်းကဆိုသည်။
‘‘ရိုက်ကူးခွင့် ဒီနေ့ရတာနဲ့ နောက်နေ့တန်းရိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ရက်ကအရမ်းကပ်နေပြီ။ တည်းဖြတ်နဲ့ ဂီတထည့်တာနဲ့ဆိုတော့ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့အမီ မထွက်နိုင်လို့မရဘူး’’ဟု မင်းထင်ကိုကိုကြီးကပြောသည်။
အထက်ပါကဲ့သို့ ဝေဖန်ခဲ့ခြင်းမှာ ယခုတစ်ကြိမ်ပင်မဟုတ်ပေ။ ပထမဆုံးအကြိမ်ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းကိုလည်း ပရိသတ်ဝေဖန်မှုခံခဲ့ရသည်။ ဒေါ်ခင်ကြည်၏ ဗိုက်ဖုံးအင်္ကျီအပါအ၀င် ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်သူ၏ ပုဆိုးဝတ်ပုံကိုလည်း ပရိသတ်များက ထောက်ပြဝေဖန်ခဲ့ခြင်းကြောင့် ပြန်လည်ရိုက်ကူးခဲ့ရသည်။
အဆိုပါဇာတ်ဝင်ခန်းကို သန်လျင်ဘက်တွင် သွားရောက်ရိုက်ကူးခြင်းဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်ရိုက်ကူးရေးမှာ လွယ်ကူခဲ့သည်။ ဗိုလ်ချုပ်လုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းအတွက်မှာမူ ပြင်ဆင်ရိုက်ကူးရန် လွယ်ကူမည်မဟုတ်ပေ။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရသည့် ၀န်ကြီးများရုံးအတွင်း ရိုက်ကူးခွင့်ရရန် လအတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ထို့အပြင် ယင်းဇာတ်ဝင်ခန်းများကို ဗိုလ်ချုပ်ရာပြည့်အမီပြသနိုင်ရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် ပြန်လည်ပြင်ဆင်ရိုက်ကူးရေးမှာ မဖြစ်နိုင်တော့ပေ။
ယင်းဇာတ်ဝင်ခန်းများသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအတွက် ရန်ပုံငွေရရှိရန် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ဝင်ခန်းများကို ဗိုလ်ချုပ်မွေးနေ့မတိုင်မီ ရုပ်သံလိုင်းများတွင် ပြသနိုင်ရန် စီစဉ်လျက်ရှိသည်။
လက်ရှိအချိန်အထိ စကိုင်းနက်ရုပ်သံလိုင်းတွင် ပြသရန် သဘောတူညီမှုရရှိထားပြီး အခြားရုပ်သံလိုင်းများ၌ ပြသခွင့်ရရှိရန် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာဒေါ်အိအိခိုင်ကပြောသည်။
လက်ရှိပရိသတ်ဝေဖန်မှုခံနေရသည်မှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် တင်ထားသည့် ဓာတ်ပုံများကိုကြည့်၍ ပြောဆိုနေကြခြင်းဖြစ်သည်။ ရုပ်သေနှင့် ရုပ်ရှင်တွင် ပရိသတ်များအတွက် မတူညီသည့် ခံစားမှုပေးစွမ်းနိုင်သောကြောင့် ၀န်ကြီးများရုံးထဲ၌ ရိုက်ကူးခဲ့သော ဇာတ်ဝင်ခန်းတွင် ဗိုလ်ချုပ် ၀၊ မ၀ကို တစ်နိုင်ငံလုံးမှ ပရိသတ်များ စောင့်ကြည့်အကဲဖြတ်နိုင်တော့မည်ဖြစ်သည်။
7Day Daily


No comments:

Post a Comment