Thursday 29 January 2015

တောင်ဥက္ကလာ မူလတန်း စာသင်ကျောင်း ခြံစည်းရိုးကို လူတစ်စု လာရောက်ဖျက်ဆီး

တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၃)ရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၁ နာရီခန့်က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာသော လူတစ်စုက ကျောင်းဝင်း ကာရံထားသော ကွန်ကရစ် ကျောက်တိုင်များနှင့် သံဆန်ခါများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ညဘက်ကြီး လိုက်ထရပ်ကား တစ်စီးနဲ့ လူ ၁၅ ယောက်လောက် ရောက်လာပြီး စာသင်ကျောင်းက ခြံစည်းရိုးနဲ့ ကျောင်းနားက ရေကန်ကို ကာရံထားတဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တာ၊ သူတို့က အုပ်စုဖွဲ့ ရောက်လာပြီး ခြံစည်းရိုး တိုင်တွေကို ဖျက်ဆီးနေတာ ကျောင်းဘေးနားမှာ နေသူတွေက တွေ့ပေမယ့် ကြောက်လို့ ထွက်မတားခဲ့ကြဘူး” ဟု ရန်ကုန်မြို့တော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီမှ တတ်သိပညာရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အဆိုပါ ဖျက်ဆီးခံရသည့် မူလတန်း စာသင်ကျောင်းနှင့် ကျောင်းအနောက်ဘက်ရှိ မီးသတ်ရေကန်တို့မှ ကာရံထားသော ခြံစည်းရိုး သံဆန်ခါနှင့် ကျောက်တိုင် အကျိုးအပဲ့များကို ယင်းနေ့ နံနက် ၇ နာရီက တောင်ဥက္ကလာပမြို့နယ်မှ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ရှင်းလင်းခဲ့ပြီး မော်တော်ယာဉ် ဖြင့် လာရောက်ကာ ခြံစည်းရိုးများ အုပ်စုဖွဲ့ ဖျက်ဆီးသူများကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းထံမှ သိရှိရသည်။

“တောင်ဥက္ကလာပက အခြေခံပညာသင် ကျောင်းတွေကို မြေနေရာ သီးသန့် ပြန်သတ်မှတ်ပေးဖို့ ခွင့်ပြုချက် ရထားပြီ။ ဂရန်ရဖို့အတွက် ကျောင်းမြေနေရာတွေကို ခြံစည်းရိုးတွေ အရင်ခတ်နေရတာ။ ပြီးမှ ဂရမ် လျှောက် ထားဖို့ စီစဉ်နေချိန် ကျူးကျော်မြေ မဟုတ်တဲ့ စာသင်ကျောင်းက ခြံစည်းရိုးတွေကို ဘာကြောင့် ဖျက်ဆီးခံရတယ်ဆိုတာ စဉ်းစားလို့ မရဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment