Thursday 29 January 2015

တပ်မတော်သားတစ်ဦးစီ၏ တစ်ရက်တာစားစရိတ် ၇၅၀ ကျပ်ရှိရန် တိုးမြှင့်တောင်းခံ




တပ်မတော်သား တစ်ဦးစီအတွက် နေ့စဉ် တစ်ရက်တာစားစရိတ် နှုန်းထားကို ကျပ် ၅၀၀ မှ ၇၅၀ ကျပ်အထိရရှိရန် တင်ပြတောင်းခံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုသည်။

၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာငွေ အသုံးစရိတ် တင်ပြထားချက်တွင် တပ်မတော်မှ တောင်းခံထားသော ငွေအသုံးစရိတ်များ ရှင်းလင်းချက်တွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“တပ်မတော်သားတစ်ဦးကို တစ်ရက်အတွက် ၇၅၀ ရမှသာ စားလောက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်သားတို့၏ တစ်ရက်တာ စားစရိတ်သည် ၂၀၁၂ ခုနှစ်မှ လက်ရှိ အချိန်အထိ တစ်ရက်လျှင် ကျပ် ၅၀၀ နှုန်းသာရရှိခဲ့ပြီး ကုန်ဈေးနှုန်းနှင့် သား၊ ငါးဈေးကြောင့် တစ်ရက်လျှင် ကျပ် ၇၅၀ အထိ တိုးမြှင့်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိစားသုံးနေသော ကျပ် ၅၀၀ မှာ ဟင်းဖိုးအဖြစ် ၄၇၀ ကျပ်နှင့် ထမင်းဖိုး အဖြစ် ၃၀ ကျပ်သတ်မှတ်ထားခြင်း ဖြစ်ပြီး အသားဈေးနှုန်းအရ ယခင်က တပ်မတော်သားတစ်ဦးလျှင် အသား ၇ ကျပ်သားမှ ၅ ကျပ်သား သို့မဟုတ် ၄ ကျပ်သားသာ စားသုံးနေရကြောင်း ၎င်းက ရှင်းပြသည်။

တပ်မတော်သားများအတွက် လစဉ် ကုလားပဲ၊ နို့ဆီ၊ သကြား၊ ဆား၊ ငပိ၊ ဆန်၊ ဆီ၊ ငရုတ်သီးခြောက်၊ အာမီရမ်နှင့် လက်ဖက်ခြောက် အပါအဝင် စည်သွတ်ဘူး တို့ကို အချိုးကျ ထောက်ပံ့ထားကြောင်း တပ်မတော်သားများထံမှ သိရသည်။

No comments:

Post a Comment