Thursday 29 January 2015

ဟင်္သာတ အကျဉ်းထောင်မှ ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများကို ရာထူးချ၍ အထူးခုံရုံးဖြင့် စစ်ဆေးမည်

ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသားသုံးဦး အိပ်ဆောင်ကိုဖောက်ကာ ထောင်နံရံကို ကျော်တက်ပြီး ထွက်ပြေး လွတ်မြောက်သွားမှုနှင့် ပတ်သက်၍ ထောင်ပိုင်ကြီးနှင့် ထောင်ဝန်ထမ်း ၁၃ ဦးကို ရာထူးလျှော့ချပြီး နေပြည်တော်မှ ဖွဲ့စည်းပေးထားသော အထူးခုံရုံးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဟင်္သာတ ထောင်ပိုင်ကြီး ဦးနေစိုး၊ ထောင်ပိုင်လေး၊ ထောင်မှူးတို့ အပါအဝင် ထောင်ဝန်ထမ်း ၁၃ ဦးကို ရာထူးချ၍ စစ်ဆေးနေသည်မှာ မှန်သော်လည်း ယင်းအကျဉ်းထောင်ရှိ အကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက် စစ်ဆေးသောကြောင့် အကျဉ်းသားသုံးဦး နှာခေါင်းမှ သွေးများ အတောင့်လိုက် ထွက်ကျပြီး ဝန်ခံထွက်ဆိုခဲ့သည်ဟု လှုမှုကွန်ရက်တွင် ပျံနှံနေသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစိုးက ပြောကြားသည်။
အိပ်ဆောင်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားသုံးဦးကို ဖမ်းမိနိုင်ရေးအတွက် ဧရာဝတီဒေသကြီးတိုင်း ရဲတပ်ဖွဲ့က ဒေသအသီးသီးရှိ ရဲတပ်ဖွဲ့များထံသို့ လည်းကောင်း၊ ၎င်းတို့၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ညွှန်ကြားချက်များ ပေးပို့ကာ ရှာဖွေနေကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ ထပ်လောင်းသိရသည်။

ထွက်ပြေး လွတ်မြောက်သွားသော ထောင်ပြေးများမှာ ဖောက်ထွင်းမှုတစ်မှု၊ ဆိုင်ကယ်ခိုးမှု နှစ်မှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံနေရသော အသက် ၂၀ အရွယ်ရှိ သက်ပိုင်စိုး (ခ) အုန်းသီး ယင်းခိုးမှုတွင် ပူးတွဲပါဝင်သောကြောင့် ထောင်ဒဏ်တစ်နှစ် ကျခံနေရသူ အသက် ၂၀ အရွယ်ရှိ ထွန်းထွန်းနိုင် (ခ) လဒူနှင့် ငါးမွေးမြူရေးစခန်းမှ ကြေးနန်းကြိုးခွေ ခိုးယူရောင်းချမှုကြောင့် ဟင်္သာတမြို့နယ် တရားရုံးတွင် ပြစ်မှုအမှတ် (ပ) ၆၆/၂၀၁၄ ပုဒ်မ-ပသပ ၆ (၁) ဖြင့် စစ်ဆေးဆဲဖြစ်သော အသက် ၂၀ အရွယ်ရှိ ထောင်အချုပ်သား ဖိုးချို (ခ) ကျော်ဇေယျတို့ ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ ညအချိန်က ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment