Monday 13 October 2014

မြောက်ဥက္ကလာပတွင် ဓာတ်ကြိုးပြတ်ကျရာမှ မိသားစုသုံးဦး ဓာတ်လိုက်

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သုမာလာ ၅ လမ်းတွင် အောက်တိုဘာလ ၁၁ ရက် ည ၇ နာရီခန့်က ရပ်ထားသည့် ဆိုက်ကားအပေါ် ဓာတ်ကြိုးပြတ်ကျရာမှ လေးနှစ်ခန့်အရွယ် ကလေးငယ် အပါအဝင် မိသားစုသုံးဦး ဓာတ်လိုက်ကြောင်း မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

သုမာလာ ၅ လမ်းတွင် နေထိုင်သော အနှေးယာဉ်နင်းသူ ကိုထွန်းမင်းဇော်မှာ နေအိမ်အရှေ့ လမ်းပေါ်တွင် ရပ်ထားသည့် အနှေးယာဉ်ပေါ်၌ လေးနှစ်အရွယ်ရှိ ၎င်း၏သားဖြစ်သူကို တင်ထားစဉ် လမ်းမီးတိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့် သရီးအိုတူးနိုင်း မီးကြိုးတစ်ကြိုး ပြတ်ကျခဲ့ကြောင်း၊ ယင်းဓာတ်ကြိုးမှာ ကလေးအပေါ် ပြုတ်ကျခဲ့ပြီး ဓာတ်လိုက်နေသောကြောင့် မိဘနှစ်ပါးက ကလေးငယ်ကို ဝင်ဆွဲခဲ့ရာ မိသားစု သုံးဦးစလုံး ဓာတ်လိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဓာတ်တိုင်ကနေ အိမ်မီးကြိုး ချိတ်ဆွဲရာမှာ စတီးချောင်းနဲ့ ချိတ်ပြီး ဆွဲထားတာကြောင့် ပူပြီး ဓာတ်ကြိုး ပြတ် ကျ ခဲ့တာလို့ ကနဦး စုံစမ်း စစ်ဆေးချက်တွေအရ သိရတယ်။ မိသားစု သုံးယောက်လုံး ဓာတ်လိုက်နေ ချိန် ရပ်ကွက်က EPC ရုံးကို အချိန်မီ ဖုန်းဆက် အကြောင်းကြားခဲ့လို့ မီးဖြတ်ချခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ဓာတ်လိုက်ခံရသော မိသားစုဝင် သုံးဦးမှာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေး ကုသ မှု ခံယူခဲ့ပြီး အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရဖွယ် အခြေအနေ မရှိသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းထံမှ သိရှိရသည်။ “လမ်းမီးတိုင်ကနေ ဓာတ်ကြိုးမှာရှိတဲ့ ကြေးချောင်းနဲ့ ဓာတ်မတည့်တဲ့ စတီးချောင်းကို အိမ်သုံးမီးကြိုးနဲ့ ချိတ်သွယ်ထားရာက အပူလောင်ပြီး မီးကြိုးပြတ်ကျတာ ကြားသိရတယ်။ ဒါပေမဲ့ မြို့နယ်လျှပ်စစ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ တွေက အဲဒီစတီးချောင်း ချိတ်တဲ့သူကို လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်တိုင်ကြားတာမျိုး မရှိသေးပါဘူး” ဟု မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ မှုကြောင့် ဓာတ်လိုက်သေဆုံးသူ ၁၀၂ ဦးအထိ ရှိခဲ့ပြီး ပြီးခဲ့သော ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ဓာတ်လိုက်မှုကြောင့် ၂၁၇ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment