Monday 25 August 2014

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်း လယ်မြေများ တစ်ဧက ကျပ်သိန်းထောင်ချီ မြင့်တက်

ရန်ကုန်မြို့သစ်စီမံကိန်းမြေဧက ၃၀,၀၀၀ ကျော်တွင် ပါဝင်နေသော လယ်မြေများမှာ တစ် ဧကလျှင် ကျပ် သိန်း ၁,၀၀၀ မှ ၁,၂၀၀ ကျော်အထိ ရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်သွား ကြောင်း လှိုင်သာယာ၊ တွံတေး ကားလမ်း နံဘေးရှိလယ်မြေများကို အရောင်းအ၀ယ်ပြုလုပ်နေသူများထံမှ သတင်းရရှိသည်။
မြို့သစ်စီမံကိန်းတွင် ပါဝင်မည့် လှိုင်သာယာ၊ တွံတေး၊ ပန်း လှိုင်တံတားအဆင်း လမ်းမဘေးရှိ လယ်မြေများ မှာ ယခင်က လယ်တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ ၅၀၀ ကြားသာ ရှိရာမှ မြို့သစ်စီမံကိန်း ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြို့တော်ဝန်က အသိပေးပြောကြားလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း အရောင်းအ၀ယ်ပြုလုပ်သူများက ဆိုသည်။

တစ်ဖက်တွင်လည်း အာဏာပိုင်များက ရန်ကုန်−တွံတေး ကားလမ်းမနံဘေး မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် ရွာအချို့မှ ရွာသားများအနေဖြင့် လယ်မြေများကို လုပ်ငန်းရှင်များ လာရောက်ဝယ်ယူပါက မရောင်းချရန်၊ မိမိ၏ ဓားမဦးချ လယ်မြေများ မဆုံးရှုံးစေရန် မြို့သစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည် ဆိုပါ က ထိုက်တန်သည့် လျော်ကြေးများပေးမည်ဟု အသိပေးပြောဆိုခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ ခလောက်ချိုင့်ရွာသားတစ်ဦးက ပြောသည်။

‘‘မြေတွေကို လုဝယ်နေကြတယ်။ တချို့က ဘယ်လောက်ပေးပေး မရောင်းတော့ဘူး။ တင်း ခံနေတယ်’’ ဟု တွံတေးမြို့နယ် တမာတကော (အောက်) ကျေးရွာမှ လယ် ၁၀ ဧက ရောင်းချခဲ့သူ လယ်သမား တစ်ဦးက ပြောသည်။ အချို့လယ်မြေများမှာ လန ၃၉ ပြောင်းလဲပြီး မြေ၊ အချို့လယ် မြေများမှာမူ လယ်မြေ အဆင့်သာရှိပြီး မည်သည့် မြေအမျိုးအစားတွင်မဆို လယ်တစ်ဧကလျှင် လမ်းမဘေးဆိုပါက ကျပ်သိန်း ၁၀၀၀မှ သိန်း ၁၂၀၀ အထိ ရန်ကုန်မှ လုပ်ငန်းရှင်အချို့က ကွင်းဆင်း ၀ယ်ယူနေကြကြောင်း လယ်မြေ ပွဲစားတစ်ဦးဖြစ်သည့် ဦးတင်နိုင်စိုးက ရှင်းပြသည်။

‘‘ပြီးခဲ့တဲ့ ရက်က လားရှိုးဘက်က လုပ်ငန်းရှင်တစ်ဦးတည်း သိန်း တစ်သောင်းကျော်ဖိုး လယ် မြေတွေပဲ ၀ယ်သွားတယ်’’ဟု ဦး တင်နိုင်စိုးက ပြောသည်။

ရန်ကုန်မြို့တော်ဝန်က အဆိုပါ မြို့သစ်စီမံကိန်းကို သတင်းလုံခြုံရေးအရ လျှို့ဝှက်ထားပြီး သြ ဂုတ် ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း ကြိုတင် သတင်း ရထားသော စီးပွားရေး လုပ်ငန်းရှင်များက ယင်းမြေနေရာများကို လပိုင်းအတွင်း လက်ဦးမှုရယူ ၀ယ်ယူ ထားကြ သည်ဟု အထက်ပါပွဲစားက ဆို သည်။

‘‘လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကတည်းက စီမံကိန်းအသံကြားလို့ လာဝယ်ထားကြတဲ့သူတွေ အများကြီး ပဲ။ ဒီရက်ပိုင်းမှာမှ စီမံကိန်းကို အတည်ပြုလိုက်တာကြောင့် ဈေးကဆောင့်တက်သွားတယ်။ လယ် သမားတွေ အကုန်လုံးလည်း ပွဲစားဖြစ်ကုန်ပြီ။ တချို့က လယ်တွေရောင်းလိုက်လို့ စိုက်စရာလယ်မရှိတော့ ဘဲ ငွေကိုင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတာ’’ ဟု တွံတေးမြို့နယ် ခလောက်ချိုင့် ရွာသားတစ်ဦး က ပြောပြ သည်။

အချို့ ရွာမြေများမှာ ပြီးခဲ့သည့်နှစ်မှ စတင်ပြီး ရန်ကုန်မြို့ စည်ပင်ဝန်ထမ်းများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် နီးစပ်သူများ ၏ လက်ထဲတွင် မြေများစုဆောင်း ၀ယ်ယူထားကြပြီး ယခုပြန်လည် ရောင်း ချနေကြကြောင်း ၎င်းက ဆိုသည်။

အဓိကအားဖြင့်  လှိုင်မြစ်ကမ်းနဖူး ရွာမြေများ၊ လယ်မြေ များ၊ လှိုင်သာယာ တွံတေးကား လမ်းနံဘေး လမ်းမမေး တင် လယ်မြေများက ဈေးအကောင်းဆုံးဖြစ် နေပြီး အများစုမှာ လယ်သမားများ၏ လက်ထဲတွင် မရှိတော့ဘဲ လုပ်ငန်းရှင်များ၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အထက်ပါဒေသခံက ခန့်မှန်းပြော ဆိုသည်။

‘‘သတင်းက ကြားထားတာ ကြာပြီဆိုတော့ မြေလှောင်ထား တဲ့သူတွေ ပြန်ထုတ်နေကြပြီ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ပြောသည်။

အကျယ်အ၀န်း မြေဧရိယာ ခန့်မှန်းဧက သုံးသောင်းရှိမည့် ရန်ကုန်မြို့သစ်စီမံကိန်း ကို မြန်မာ့စေတနာမြို့ သစ် အများပိုင်ကုမ္ပဏီလီမိတက်က တာဝန်ယူဆောက်လုပ်မည်ဖြစ်ကာ ရန်ကုန်မြို့၏ အနောက်ဘက် တွင် ရှိသော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား မြေနေ ရာ များကို မြို့သစ်တည် ဆောက်ရန် လျာထားကြောင်း သြဂုတ် ၂၂ ရက်တွင် ပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။

စီမံကိန်း  လုပ်ဆောင်မည့် နေရာများသည် မြေအမျိုးအစား အမျိုးမျိုးပါဝင်ပြီး လယ်မြေများ လည်း ပါ ၀င်ကြောင်း၊ မြေသိမ်းဆည်းမှုကိစ္စကို ကုမ္ပဏီက လုံးဝ တာဝန်ယူညှိနှိုင်းဖြေရှင်းပေးပြီး ရန်ကုန်မြို့သစ် မြို့ပြစီမံကိန်းအတွက် မြို့မြေအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး တည်ဆဲဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နေကြောင်း မြို့တော်ဝန်က လွှတ်တော်သို့ အသိပေးခဲ့သည်။

7Day DAILY

No comments:

Post a Comment