Wednesday 13 August 2014

တောင်အာဖရိက ဒုသမ္မတ သတ္တုတွင်းသပိတ် သတ်ဖြတ်မှု ဖြစ်စဉ်အတွက် စစ်ဆေးမှုခံယူ

တောင်အာဖရိက ဒုတိယသမ္မတ စီရီလ်ရာမာဖိုဆာသည် နိုင်ငံတွင်းမှ မာရီကန်နာမြို့တွင် ရဲက သပိတ်မှောက် သတ္တုတွင်း လုပ်သား (၃၄)ဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားရုံးတွင် စစ်မေးမှုများကို ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထိုဖြစ်ရပ်မှာ ပြီးခဲ့သည့် ၂၀၁၂ တွင် ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ဒုသမ္မတမှာ ထိုမာရီကန်နာ ပလက်တီနမ် သတ္တုတွင်းကို ပိုင်ဆိုင်သော လွန်မင်း ကုမ္ပဏီတွင် ဒါရိုက်တာဖြစ်သည်။ ၎င်းသည် ထိုစဉ်က အစိုးရအဖွဲ့ဝင်တစ်ဦး မဟုတ်သေး။ ရဲတပ်ဖွဲ့အားလည်း လုပ်သားများအား အကြမ်းဖက် ကိုင်တွယ်ရေးကို တွန်းအားပေးခဲ့သည် ဆိုသည်။ သို့သော် အာဏာပိုင်များ၏ စစ်မေးမှုတွင် ဒုသမ္မတက ၎င်းသည် ရဲတပ်ဖွဲ့အား အကြမ်းဖက် နှိမ်နှင်းရန် ပြောခဲ့ခြင်း မဟုတ်ဘဲ ရာဇ၀တ်မှု ကျူးလွန်သည့် လုပ်သားများကိုသာ ဖမ်းဆီးရန်၊ လူ့အသက်များကို ကာကွယ်ရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ သပိတ်မှောက် လုပ်သားများ သတ်ဖြတ်ခံရမှုကို ကော်မရှင်ဖွဲ့၍ စုံစမ်းရန် သမ္မတ ဂျတ်ကော့ဘ် ဇူးမား က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ စုံစမ်း စစ်ဆေးမှုများတွင် လွန်မင်း သတ္တုတွင်း စီမံခန့်ခွဲရေးအပိုင်း၊ အလုပ်သမား သမဂ္ဂများနှင့် အစိုးရ အာဏာပိုင်များက တစ်လကြာမြင့်ခဲ့သည့် ထိုပြသနာကို ကိုင်တွယ်ပုံများအားလည်း စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။ မြို့တော် ပရီတိုးရီးယားတွင် ပြုလုပ်ခဲ့သည့် တရားရုံး ကြားနာ စစ်ဆေးမှုတွင်မူ ဒုသမ္မတ ရာမာဖိုဆာ အစစ်ဆေးခံ နေစဉ်အတွင်း ဆန္ဒပြသူများက တရားရုံးအပြင်ဘက်တွင် ၎င်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ 

ထိုစဉ်က သပိတ်မှောက်နေ ခဲ့သော သတ္တုတွင်း လုပ်သားများမှာ လုပ်ခ တိုးပေးရေးအတွက် တောင်းဆို ခဲ့ကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် လုပ်ခ (၂၂)ရာခိုင်နှုန်း တိုးမြှင့် ရရှိခဲ့သည်။ မာရီကန်နာ သတ္တုတွင်း သပိတ် ဖြိုခွဲမှု ပြသနာမှာ တောင်အာဖရိကတွင် လူဖြူ အုပ်စိုးမှုပြီးနောက် အသေအပျောက် အများဆုံး ရဲဘက် က ဖြိုခွင်းမှု တစ်ခုလည် ဖြစ်ခဲ့သည်။ ရဲဘက်ကမူ ထိုစဉ်က ဆန္ဒပြ လုပ်သားများမှာ လက်နက်များ ကိုင်ဆောင်ပြီး ရဲများကိုတိုက်ခိုက် ခဲ့ရာမှ မထိန်းနိုင်တော့ဘဲ ပြဿနာဖြစ်ခဲ့ပြီး ပစ်ခတ်မှုများတွင်လုပ်သားများ စွာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။

မြ၀တီ

No comments:

Post a Comment