Wednesday 13 August 2014

တရုတ်ရေထွက်ပစ္စည်းပြပွဲ၌ ငါးခေါင်းများ ထူးထူးခြားခြားပြသမည်

တရုတ်နိုင်ငံ ပီကင်းမြို့တွင် သြဂုတ်လ (၁၆) ရက်မှ(၁၈)ရက်နေ့အထိ သုံးရက်ကြာကျင်းပပြုလုပ် မည့် ရေထွက်ပစ္စည်းပြပွဲသို့မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် သွားရောက်ပြသမည်ဖြစ်ပြီး ငါးအသားများအပြင် ငါးခေါင်းများကိုပါ ထူးထူးခြားခြား သွားရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရ သည်။
အဆိုပါ ငါးခေါင်းများအား တရုတ်နိုင်ငံတွင် ဈေးကွက်ရကာ ဝယ်ယူမည်ဆိုပါကမြန်မာနိုင်ငံတွင် ပြည်ပသို့ တင်ပို့သည့် ငါးများဈေးကောင်းရရှိကာ ငါးမွေးလုပ်ငန်းရှင်များအနေဖြင့် ငါးမွေးကန်များတိုးချဲ့မွေးမြူသွားနိုင် မည်ဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

"တရုတ်က ငါးခေါင်းကို အများကြီးစားတယ်၊မြန်မာပြည်မှရှိတဲ့ ငါးခေါင်းတော်တော်များများကို သယ်သွားပြီး တရုတ်ပြည်မှာပြပြီးတော့၊သူတို့ကြိုက်တဲ့နည်းလမ်းလေးနဲ့ ချက်ပြုတ်ပြီး ပြသသွားပါမယ်။ သူများတွေ မစဉ်း စား မိ သေးတဲ့ ငါးခေါင်းကိုသွားရောက်ပြသမယ်။ ဈေးကွက်မရရင်တောင်မြန်မာနိုင်ငံမှ ဒီလိုပစ္စည်းတွေ ထွက်ရှိတယ် ဆိုတဲ့အသိလေး သိစေချင်တယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက် တာမြင့်စိန် က ပြောသည်။

တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုတွင် ငါးခေါင်းကို တွင်ကျယ်စွာစားသုံးသည့်အတွက် မြန်မာနိုင်ငံမှ ငါးမြစ် ချင်း၊ ငါးရံ၊ငါးဒန်စသည့်ငါးခေါင်းများကို သွားရောက်ပြသမည်ဖြစ်သည့်အပြင် အဆိုပါငါးများ၏အသားများကို စားသုံးနိုင်ရန် တပါတည်းယူဆောင်သွားပြီး ပြသရောင်းချသွားမည်ဖြစ်သည်ဟု ဒေါက်တာမြင့်စိန် က ပြော သည်။

"တရုတ်မှာ အခန်း(၂)ခန်းဌားပြီးပြသသွားမယ်။တစ်ခန်းကိုဒေါ်လာ(၃၀၀၀)ကျော်ပေးရတယ်။ ဒါပေ မယ့် မြန် မာ နိုင်ငံ က ပထမဆုံးအကြိမ်သွားရောက်ပြသတာဖြစ်တဲ့အတွက် တစ်ခန်းကိုဒေါ်လာ(၁၀၀၀) ပဲပေးရ တယ်။ အခုလို တခြားနိုင်ငံတွေကို သွားပြရတာတော့ သူတို့ဈေးကွက်ကိုလည်း သိမယ်။ ဘယ်လို ထုတ်လုပ်တယ်။ ငါး၊အသား၊ အစာတွေကိုဘယ်လိုနည်းပညာတွေနဲ့လုပ်တယ်။ ဒါတွေကိုလေ့လာပြီး ကိုယ်နိုင်ငံမှာ ဘာတွေ လိုအပ်သလဲ ဆိုတာတွေကို ပြန်အသုံးချလို့ရတယ်" ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူ များနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်လက်အောက်ရှိ အသင်းအဖွဲ့များမှ အဖွဲ့ဝင် (၁၄) ဦးက ကိုယ်တိုင်ငါးမွေးကန်များဖြင့်မွေးမြူထားသည့် ငါးများဖြင့်သွားရောက်ပြသသွားမည်ဖြစ်သည်။

(၂၀၁၄) ခုနှစ် မတ်လအတွင်းကလည်းမြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ ဘော်စတွန် sea food show ပွဲသို့ သွားရောက် ပြသခဲ့ပြီး ဈေးကွက်အနေအထားအရ တီးလားဗီးယားငါးများအား မှာယူမှုများ ရှိသော် လည်း အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံကို စီးပွားရေးအရေးယူမှု တစ်နှစ်ထပ်မံ တိုးမြင့်ခြင်းကြောင့် အမေရိကန်ဈေးကွက်နှင့် အလှမ်းဝေးခဲ့ရသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။

ချမ်းငြိမ်း(မြစ်မခ)

No comments:

Post a Comment