Wednesday 13 August 2014

လှိုင်သာယာတွင် လမ်းမဖယ်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က အမျိုးသားတစ်ဦးကို ရိုက်သတ်

လှိုင်သာယာမြို့နယ် ရှမ်းချောင်း ကျေးရွာတွင် သြဂုတ်လ ၁၁ ရက် ည ၈ နာရီခန့်က စက်ရုံကြိုပို့ယာဉ် မောင်းနှင်လာစဉ် လမ်းမဖယ်ပေးသဖြင့်ဟုဆိုကာ အသက် ၃၃ နှစ်အရွယ် အမျိုးသားကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ရိုက်နှက်၍ သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
အဆိုပါရွာ အေးရိပ်ငြိမ်လမ်းတွင် နေထိုင်သော ပန်းရံလုပ်ကိုင်သူ အမျိုးသားမှာ အလုပ်မှ နေထိုင်ရာအိမ်သို့ သူငယ်ချင်းများနှင့်အတူ ပြန်လာစဉ် စက်ရုံကြိုပို့ပြီး ယာဉ်ပြန်သိမ်းလာသော ဘီအမ်ယာဉ်မောင်းအဖွဲ့က လမ်းဘေး ဆင်းလျှောက်ပေးရန် ပြောဆိုရာမှ နှစ်ဖက် စကားများခဲ့ကြောင်း၊ ယင်းနောက် ဘီအမ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က သစ်သားတုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင် သာယာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားသမားက သူတို့လေးယောက် လမ်းပိတ်ပြီး လျှောက်နေလို့ ဖယ်ခိုင်းရာကနေ စကားများကြ တာ။ သေဆုံးသူရဲ့ အဖွဲ့က မိုက်ရင်မင်းတို့ ပြန်လာခဲ့ လမ်းထိပ်က စောင့်နေမယ်လို့ စိန်ခေါ်ခဲ့တာကြောင့် ကားသမားအဖွဲ့က ကားပြန်သိမ်းပြီး တုတ်တွေနဲ့ ပြန်လာရိုက်တာ” ဟု ရှမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ရှင်းပြသည်။ အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားစဉ် သေဆုံးခဲ့သူ၏ သူငယ်ချင်းသုံးဦးက ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း သေဆုံးသူမှာ မပြေးနိုင်ဘဲ ကျန်ရှိစဉ် ဝိုင်းရိုက်ခံရမှုကြောင့် ကွန်ကရစ်လမ်းနှင့် ဦးခေါင်းဆောင့်မိရာမှ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါတုတ်များဖြင့် ဝိုင်းရိုက်ခဲ့သည့် အထည်ချုပ်စက်ရုံ ကြိုပို့ယာဉ်မှ ယာဉ်မောင်းဖြစ်သူ အသက် ၂၀ အရွယ်ရှိ ကိုသက်ဦးဇော် အပါအဝင် အမျိုးသားလေးဦးတို့မှာ ယင်းကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြောင်း၊ လူသတ်မှု ဖြစ်ပွားပြီး သီရိမင်္ဂလာဈေးသစ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု စုံစမ်းသိရှိရမှုကြောင့် သြဂုတ်လ ၁၂ ရက် နံနက် ၂ နာရီခန့်က ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ပြောဆိုသည်။

“လှိုင်သာယာမှာက ပျံကျ အလုပ်သမားများသလို အများစုက အရက်သေစာ သောက်စားတာကြောင့် မကြာခဏ ရန်ဖြစ်ကြတာ။ ခုဆို ရက်ဆက်နီးပါး လူသတ်မှုတွေ ဖြစ်နေပြီ၊ ရပ်ကွက်တွေထဲမှာလည်း အရက်ဆိုင်တွေက ပလူပျံနေတာကို သက်ဆိုင်ရာက စိစစ်ထိန်းသိမ်းပေးဖို့ အကြောင်းကြားထားတယ်” ဟု အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ရှင်းပြသည်။

သစ်သားတုတ်များဖြင့် ဝိုင်းရိုက်နှက်ရာမှ သေဆုံးခဲ့သူ ကိုခင်မြင့်၏ ရုပ်အလောင်းကို လှိုင်သာယာ ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း၊ ဘီအမ်ယာဉ်မောင်း ကိုသက်ဇော်ဦးနှင့် အသက် ၁၇ နှစ်မှ ၂၀ ဝန်းကျင်ရှိ ယာဉ်နောက်လိုက် အမျိုးသားသုံးဦးကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၁၁၂၅/၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment