Wednesday 9 July 2014

တောင်ငူမြို့ ကန်တော်ကြီး ဥယျာဉ်အား ငွေကျပ် သိန်းပေါင်း ၁၅ဝဝဝ ကျော်ဖြင့်အဆင့်မြှင့်တင်မည်

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ဗိုလ်မှူးဖိုးကွန်းလမ်းရှိ လေးကျွန်း ကန်တော် မင်္ဂလာ ဥယျာဉ်ကို ဇူလိုင် ပထမပတ်မှ စတင်၍ အဆင့်မြှင့် မွမ်းမံ ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရွှေသုန္ဒရီ ဆောက် လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဥယျာဉ်ရှိ ကျွန်းလေးကျွန်း အနက် စံပယ်ကျွန်းနှင့် ငှက်ပျောကျွန်းကို ငွေကျပ် သိန်းပေါင်း ၁၅ဝဝဝ အကုန်အကျ ခံ၍ မြို့တည် နန်းတည် (၅ဝ၄) နှစ်ပြည့်မည့် အောက်တိုဘာလ အမီ အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး ကျန်သည့် လိမ္မော်ကျွန်းနှင့် အုန်းကျွန်းတို့တွင် နိုင်ငံတော် အဆင့် ဧည့်ဂေဟာကြီး တစ်ခုနှင့် ကေတုမတီ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ကြီး တစ်ခုကိုလည်း သီးခြား ဘဏ္ဍာငွေ တောင်းခံ၍ တည်ဆောက် သွားမည် ဖြစ်သည်။

ထို့ပြင် ငှက်ပျောကျွန်းပေါ်ရှိ ကန်တော် မင်္ဂလာ စေတီကိုလည်း လုံးတော်ဖွင့် ဉာဏ်တော် မြှင့်တင်ခြင်း များ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပန်းခြံအတွင်းရှိ ထိုင်ခုံများ၊ နားနေဆောင်များကို အသစ် တည်ဆောက် ပြီး ကေတုမတီခေတ် အသုံးအဆောင် အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် တောင်ငူဒေသ အစား အသောက်များကို ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

စံပယ်ကျွန်းပေါ်တွင် သရီးဒီ ရုပ်ရှင်ရုံကြီး တစ်ရုံကို အများပြည်သူ အပန်းဖြေ အနားယူနိုင်ရေး အတွက် ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပြီး သန့်စင်ခန်းများနှင့် ကားရပ်နား စခန်းများကိုပါ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment