Wednesday 9 July 2014

ကားဟောင်းအပ်နှံခွင့်မူဝါဒများ ထပ်မံပြောင်းလဲပြီးနောက် ဇုန်ကားကိုင် ထားသူများ အကျိုးဖြစ်၊ အပ်ကား စလစ်ဈေး ကျပြီး ပေါလာမည်ဖြစ်၍ ကားအရောင်းအ၀ယ် ပိုသွက်မည်ဟု ကားလုပ်ငန်းရှင်များပြာကြား

ကားဟောင်းအပ်နှံသည့် မူဝါဒများထပ်မံ ပြောင်းလဲလိုက်သည့်အတွက် စက်မှုဇုန်ထုတ်ကားများ ကြိုတင် စုဆောင်း ထားသူများ အကျိုးဖြစ်လျက်ရှိကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
အပ်နှံခွင့်ရှိသည့် ကားဟောင်းများ များပြားလာသည့်အတွက် အပ်ကားစလစ်ဈေးကျဆင်းပြီး ကားစလစ် များလည်း ပိုမိုပေါများလာမည်ဖြစ်သည့်အတွက် ကားအရောင်းအ၀ယ်အနေဖြင့်လည်း ပိုမိုသွက်လက် လာနိုင်သည်ဟု ကားလုပ်ငန်းရှင်များက ပြောကြားသည်။

ဇူလိုင် ၈ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကညနမှ ကားဟောင်းအပ်နှံခွင့်ပြုသည့် မူဝါဒအပြောင်း အလဲကို ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်အရ လာမည့် ဇူလိုင် ၁၄ ရက်မှစ၍ ဇုန်ထုတ်ကားများ အားလုံးကို အပ်နှံခွင့်ပြုမည်ဖြစ်ပြီး CIF ဈေး အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့် အောက်ကား များကို ပြည်ပမှ ပြန်လည်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်သွင်းလာသည့်ကားများအတွက် ယာဉ်မှတ်ပုံတင်ရာတွင် တန်ဖိုး၏ ရာခိုင်နှုန်း ၂၀ ကိုလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ကားထုတ်လုပ်သည့် သက်တမ်းနှစ် ၂၀ ကျော်သော မည်သည့်ယာဉ်မဆို လာမည့်စက်တင်ဘာ ၁ ရက်မှစ၍အပ်နှံပြီး ပြည်ပမှ အစားထိုးယာဉ် တင်သွင်းနိုင်ကြောင်း၊ အစားထိုးတင်သွင်းလာသည့် ယာဉ်အပေါ်မှတ်ပုံတင်ရာတွင် တန်ဖိုး၏ ရာခိုင်နှုန်း ၂၀ ကို လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထည့် သွင်းဖော်ပြ ထားသည်။

ထို့နောက် သုံးဘီးကားဟောင်းများကိုလည်း သြဂုတ် ၁ ရက်မှစကာ အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ပြည် ပမှ အစားထိုးယာဉ် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ တင်သွင်းရာတွင် CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀၀ အောက် အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့် အောက်ကားများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါကားများအတွက် ယာဉ်မှတ်ပုံတင်ကြေးကိုလည်း ရာခိုင်နှုန်း ၂၀ လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

လက်ရှိတွင် "၁က" အက္ခရာကားဟောင်းများကို အပ်နှံခွင့်ပြုထားပြီး ယာဉ်မှတ်ပုံတင်ကြေးအား ရာခိုင်နှုန်း ၆၀ အထိ လျှော့ပေါ့ ပေးထားကြောင်း၊ "၂က" အက္ခရာအထိ ကားဟောင်းများကို အပ်နှံခွင့်ပြုမည်ဖြစ်ပြီး "၂က" အက္ခရာကားဟောင်းများအပ်နှံပြီး ပြန်လည်တင်သွင်းသည့်ကားများကိုလည်း ယာဉ်မှတ်ပုံတင်ကြေး ကို ရာ ခိုင်နှုန်း ၆၀ အထိ လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ လက်ရှိယာဉ်မှတ်ပုံ တင်ကြေး လျှော့ေ ပါ့ပေးခြင်းကို မပြုလုပ်တော့ကြောင်း ထုတ်ပြန်ချက်ပင်ဖြစ်သည်။

ယခုထုတ်ပြန်လိုက်သည့် ကားဟောင်းအပ်နှံခွင့်မူဝါဒအရဆိုပါက ကားဟောင်းအပ်သည့် စလစ်များပေါများ လာခြင်း၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ယာဉ်မှတ်ပုံတင်ကြေး လျှော့ပေါ့ပေးခြင်း၊ မပြုလုပ်တော့ခြင်း အချက်များကြောင့် ယခုလပိုင်းများအတွင်း ကားအရောင်းအ၀ယ်မှာ ပိုမိုသွက်လက်လာနိုင်သည်ဟု ကားအရောင်းစင်တာလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ဧရာဝတီပါဝါ ကားအရောင်းစင်တာ လုပ်ငန်းရှင် ဦးမိုးကျော်စွာက "ဇုန်ကားအပ်ခွင့်ပြုတယ်။ အဲဒီစလစ်နဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀၀ အောက် ကားတွေပြန်သွင်းနိုင်တယ်။ ကားဝယ်တဲ့သူအများကလည်း CIF တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀၀၀ အောက်ကားပဲ အများဆုံးဝယ်ကြတယ်။ အဲဒီတော့ လူအများဝယ်နိုင် တဲ့ ကားအတွက် စလစ်တွေပေါလာမယ်၊ စလစ်ဈေးလည်း အထိုက်အလျောက် ကျလာမှာဖြစ်လို့ ကားအရောင်းအ၀ယ်ကတော့ ပိုသွက်လာမှာပဲ" ဟု ပြောကြားသည်။

Farmer Auto ကားအရောင်းစင်တာ လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက "စလစ်တွေ ပိုပေါလာမယ်။ စလစ်ဈေးလည်းကျမယ်ဆိုတဲ့အတွက် ကားအ၀ယ်ပိုသွက်နိုင်တယ်။ ၂၀၁၅ ခုနှစ်ဇန်န၀ါရီ ၁ ရက်ကစပြီး ကားဟောင်းအပ်တဲ့စလစ်တွေနဲ့ ကားသွင်းတဲ့အခါ ယာဉ်မှတ်ပုံတင်ကြေးအပေါ် အခုလက်ရှိလျှော့ချပေး သလို မပေးတော့ဘူးဆိုတဲ့အတွက် အခုခြောက်လအတွင်းဝယ်တဲ့သူတွေပဲ ယာဉ်မှတ်ပုံ တင်ကြေး လျှော့ပေး တာကို ရမယ် လာမယ့်နှစ်မှသွင်းမယ့်သူတွေ မရတော့တဲ့အတွက် အခုခြောက်လ အတွင်း ကားအရောင်းအ၀ယ် ပိုသွက်မယ်လို့ သုံးသပ်လို့ရတယ်" ဟုပြောကြားသည်။

စက်မှုဇုန်ကားများ အပ်နှံခွင့်ပြုသည့်အတွက် ယခင်ကျပ်သိန်း ၄၀ ၀န်းကျင်ရှိသော ဇုန်ထုတ်ကားများမှာ ယခုအခါ ကျပ် ၅၅ သိန်းဝန်းကျင်သို့ မြင့်တက်လာကြောင်း၊ ကြိုတင်ဝယ်ယူစုဆောင်းထားသူများ အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment