Wednesday 9 July 2014

အိမ်ရှင်ဘရာဇီးကို အရှက်ခွဲပြီး ဗိုလ်လုပွဲတက်ခဲ့သည့် ဂျာမနီ


ဂျာမနီတိုက်စစ်မှူးများ ဂိုးမြူးနေသည့် အချိန်နှင့် ဘရာဇီးနောက်တန်း ယုံကြည်မှု ပျက်ပြားနေသည့်အချိန် တစ်ထပ်တည်း ကျသွားသည့်အခါ ဥရောပထိပ်သီးတို့က အိမ်ရှင်အသင်းကို ဂိုးဒါဇင်ဝက် ပြတ်သားအောင် အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းခဲ့သည်။ပွဲချိန်(၁၁)မိနစ်တွင် ခရူးစ်ကန်တင်ပေးသည့် ထောင့်ကန်ဘောကိုမူလာက ခြေခွင်ဖြင့် အလိုက်သင့်ပိတ်သွင်းပြီး ဂျာမနီအတွက် ဦးဆောင်ဂိုးကို စောစော စီးစီး ရယူခဲ့သည်။ ဂိုးပေးလိုက်သဖြင့် ပြာသွားသော ဘရာဇီးသည် အမှားများ ဆက်တိုက် ကျူးလွန်မိပြီး နောက်ထပ်ဂိုးများ ပေးခဲ့ရခြင်း ဖြစ်သည်။ (၂၃)မိနစ်တွင် ဘရာဇီး ကွင်းလယ်မှ ဘောလုံးပျက်လာသည်ကို ဂျာမနီက လျင်လျင်မြန်မြန် အပေးအယူ ကစားပြီး မူလာချ ပေးသည်ကို ကလိုဆေး ကန်သွင်းရာ ဂိုးသမား ဆီဇာ ပုတ်ထုတ်သော်လည်း ကလိုဆေးကပင် ထပ်ဆင့် ပိတ်သွင်းသဖြင့် ဒုတိယဂိုး ရခဲ့သည်။ အဆိုပါဂိုး သည် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ကလိုဆေး၏ (၁၆)လုံးမြောက် သွင်းဂိုးဖြစ်လာပြီး ယခင်ဘရာဇီး တိုက်စစ် မှူးဟောင်း ရော်နယ်လ်ဒို တင်ထားသည့် (၁၅)ဂိုး စံချိန်ဟောင်းကို ဖြတ်ကျော်နိုင်ခဲ့သည်။



ကလိုဆေး ဂိုးသွင်းပြီး ချက်ချင်းလိုလို ဂျာမနီတို့ တတိယဂိုး ရခဲ့ပြန်သည်။ ညာခြမ်းမှ ဂျာမနီ အသင်း ခေါင်းဆောင်လမ်း ဖြတ်ပို့သည်ကို ခရူးစ်က ပင်နယ်တီ ဧရိယာ အစွန်းနားမှ ဘယ်ခြေဖြင့် မနားတမ်း ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ တစ်ဖန် (၂၆)မိနစ်တွင် ဘရာဇီး ကွင်းလယ်ကစားသမားထံမှ ဘောလုံးကို ခရူးစ်က ပါးပါးနပ်နပ် ဝင်လုပြီး ခီဒီရာနှင့် အပေးအယူ တွဲလုံးကစားကာ ခီဒီရာ ပြန်ခင်းပေးသည်ကို ဧရိယာ ထဲတွင် အပိုင်ပိတ်သွင်းပြီး ဂျာမနီအတွက် စတုတ္ထဂိုးကို သွင်းယူခဲ့သည်။
ယုံကြည်မှု တိုးပွားလာသည့် ဂျာမနီသည် ဘရာဇီးကို စိတ်ကြိုက်တိုက်စစ်ဆင်ပြီး ခီဒီရာနှင့် အိုဇေးလ်တို့ တွဲဖက်ကစားပြီး ဘယ်ဘက်မှ အိုဇေးလ် အသာပြန်ချပေးသည်ကို ခီဒီရာက ဂိုးထောင့်ထဲ အနိမ့် ကန်သွင်းကာ ပဉ္စမဂိုး ရခဲ့ပြန်သည်။ ထို့နောက်ပိုင်းတွင် ဘရာဇီးအသင်း အခွင့်အရေးအချို့ ပြန်လည်ရရှိ လာသော်လည်း ဂိုးသမားနျူအာ၏ တည်တည်ငြိမ်ငြိမ် လက်စွမ်းပြ ကာကွယ်နေမှုကို မကျော်လွှားနိုင်ခဲ့ချေ။ ပထမပိုင်းတွင် ဂျာမနီက ဘရာဇီးကို (၅)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။
(၆၉)မိနစ်တွင် ညာခြမ်းမှလမ်း အနိမ့်ဖြတ်ပို့သည်ကို ဧရိယာထဲတွင် ရှိနေသည့် လူစားဝင် တိုက်စစ်သမား အင်ဒရီရှာရဲလ်က အနီးကပ် ကန်သွင်းကာ ဂျာမနီအသင်း (၆)လုံးမြောက်ဂိုးကို ရရှိခဲ့သည်။ (၇၉)မိနစ်တွင် ဘယ်ခြမ်းမှ မူလာ ထိုးဖောက်လာပြီး နောက်ပြန်ချိုးပေးသည်ကို အလိုက်သင့် ပါလာသည့် ရှာရဲလ်က အပြင်းကန်သွင်းရာ ဂိုးဘားတန်း အောက်နားမှ ကပ်၍ ဂိုးဝင်သွားပြီး ဂျာမနီတို့ သတ္တမမြောက် ဂိုးရရှိခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် ဂျာမနီ တိုက်စစ်မှ ကျွံထွက်လာသော ဘောလုံးကို ဘရာဇီး ကွင်းလယ်လူ အော်စကာက ဆွဲပြေးရယူလာပြီး ဂိုးသမား နျူအာကို အသာအယာ ကျော်ကန်ကာ အိမ်ရှင်တို့အတွက် တစ်လုံးတည်းသော သိက္ခာဆည်ဂိုးကို သွင်းယူပြီး (၇-၁)ဖြင့် ပွဲပြီးခဲ့သည်။
ယခုပွဲတွင် ဘရာဇီး ကွင်းလယ်ခံစစ်၏ လေးလံမှုများနှင့် ဘရာဇီးခံစစ်ကြောင်း၏ စုစည်းမှုနှင့် လူကပ်ပုံ အားနည်းချက်များကြောင့် ဂျာမနီ တိုက်စစ်သမားများ စိတ်ကြိုက်ကစားခွင့် ရသွားခြင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အပြတ်သားဆုံး ရလဒ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ခဲ့ခြင်း ဖြစ်သည်။ ဂျာမနီသည် ဗိုလ်လုပွဲတွင် နယ်သာလန်နှင့် အာဂျင်တီးနားတို့အနက်မှ တစ်သင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘရာဇီးကမူ တတိယနေရာကိုသာမျှော်လင့်ရတော့မည်ဖြစ်သည်။
_Daily Mail

No comments:

Post a Comment