Wednesday 9 July 2014

ဂျာမနီတိုက်စစ်မှူး ကလိုဆေး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ဂိုးအများဆုံး စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီတိုက်စစ်မှူး ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၁၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်သစ်ကို တင်လိုက်နိုင်ပါတယ်။
ဘရာဇီးကို ၇ ဂိုး ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းနိုင်ပြီး ၁၆ ဂိုး ပြည့်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၃ ပွဲမှာ ၁၆ ဂိုး သွင်းပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလိုဆေး မတိုင်ခင် ရော်နယ်ဒိုက သွင်းဂိုး ၁၅ ဂိုးနဲ့ စံချိန်တင်ထားခဲ့တာပါ။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက် ကစားခွင့်ရတဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။ ထူးခြားမှုကတော့ ကလိုဆေး ဂိုးသွင်းတဲ့ပွဲတိုင်းမှာ ဂျာမနီအသင်းဟာ ရှုံးလေ့ မရှိပါဘူး။

ဒါ့အပြင် ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို အနိုင်ရလိုက်လို့ ဗိုလ်လုပွဲကို စံချိန်တင် ၈ ကြိမ်မြောက် အဖြစ် တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းနဲ့ အီတလီအသင်းတို့ ဗိုလ်လုပွဲကို ၆ ကြိမ်စီ တက်ရောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားက ၄ ကြိမ်၊ နယ်သာလန်က ၃ ကြိမ်အထိ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ ပါတယ်။

ဂျာမနီဟာ ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့အတွက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သမိုင်းမှာ ဂိုးသွင်း အများဆုံးပွဲ အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ဒါ့အပြင် ဂျာမနီဟာ ဆီမီးဖိုင်နယ်မှာ ၇ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းလည်း ဖြစ်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment