Tuesday 17 June 2014

ဟားခါးတွင် တရားဝင်သစ်ခုတ်နေသည့် ကုမ္ပဏီနှစ်ခု ခွင့်ပြုတော့မည်မဟုတ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ကျန်ဗားကျေးရွာအုပ်စုမှ ကျေးရွာခုနစ်ရွာတွင် ကုမ္ပဏီနှစ်ခုက အဖိုးတန်ကျွန်းနှင့် သစ်မာများ တရားဝင်ထုတ်ယူနေခြင်းကို ဒေသခံတို့ ကန့်ကွက်လာသဖြင့် ယခုနှစ်တွင် ထုတ်ယူခွင့်ပြုတော့မည်မဟုတ်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးအေးမြင့်မောင်က မဇ္ဈိမကို ပြောသည်။ ထို့ပြင် ယခုနှစ်မှစ၍ တစ်နိုင်ငံလုံး၌ ကျွန်းသစ်တန်ချိန် ခြောက်သောင်းသာ ထုတ်ယူခွင့်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ဒီနှစ် ဟားခါးမှာ မခုတ်တော့ဘူး။ ခုတ်ခွင့်မပေးတော့ဘူး။ ကလေးဒေသမှာတော့ ထုတ်မယ်။ ဒီကုမ္ပဏီတာ့ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။ 

ယခုနှစ်ကစ၍ တစ်နိုင်ငံလုံးတွင် ကျွန်းသစ်တန်ချိန် ခြောက်သောင်း၊ သစ်မာတန်ချိန် ၆၇,၀၀၀ အထိသာ ထုတ်လုပ်သွားရန် သတ်မှတ်ထားသည်ဟုဆိုသည်။ ယခင်က ကျွန်းသစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ အားဖြင့် တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်ခဲ့ပြီး သစ်မာကို တန်ချိန် ၁၃ သိန်းအထိ နှစ်စဉ်ထုတ်လုပ်ခဲ့ သည်။ 

ဟားခါးတွင် ခိုးထုတ်သစ် တန်ဖိုးမှာလည်း မနည်းသည့်အပြင် ကျွန်းနှင့်သစ်မာများ ကုန်သလောက် နီးပါး ရှိနေပြီဟု ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ် က ၎င်းကို မေးမြန်းရာတွင် ပြောကြားခဲ့သည်။ 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းနှင့် သစ်မာကို တရားဝင်ထုတ်လုပ်ရန် ခွင့်ပြု ထားသော စံရှားကုမ္ပဏီက ငါးနှစ်အတွင်း ကျွန်း ၃,၈၄၆ တန်နှင့် သစ်မာ ၄,၆၈၆ တန်ကို တရားဝင် ထုတ်လုပ်ခဲ့ပြီး မြန်မာသစ်လုပ်ငန်းသို့ အပ်နှံခဲ့သည်။ အဆိုပါဒေသတွင် ပစိဖိတ်ကုမ္ပဏီကလည်း ငါးနှစ် အတွင်းကျွန်း ၁၇,၅၅၃ တန်နှင့်သစ်မာ ၆,၆၇၄ တန်ကို ထုတ်လုပ်အပ်နှံခဲ့သည်ဟု ဒု-၀န်ကြီးက အဆိုပါ မေးခွန်းကို ပြန်လည် ဖြေကြားသည်။ ယခင်နှစ် သစ်ထုတ်လုပ် ရောင်းချမှုမှ အမေရိကန် ဒေါ်လာသန်း ၈၀၀ အထိ နိုင်ငံ့ဘဏ္ဍာသို့ ပေးသွင်းနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment