Tuesday 17 June 2014

ဒိုင်၏ ဆုံးဖြတ်ချက်များကို စိတ်ပျက်မိကြောင်း ပေါ်တူဂီနည်းပြ ပြောကြား

Photo: ဒိုင်၏ ဆုံးဖြတ်ချက်များကို စိတ်ပျက်မိကြောင်း ပေါ်တူဂီနည်းပြ ပြောကြား
Tuesday, June 17, 2014

ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုက ဂျာမနီကို အရေးနိမ့်သည့် ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း ညည်းတွား ပြောဆိုခဲ့သည်။ 

ကမ္ဘာ့ဖလား အုပ်စု(G) အဖွင့်ပွဲစဉ်တွင် ဂျာမနီက ပေါ်တူဂီအား (၄-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး သောမတ်စ်မူလာ တစ်ဦးတည်းက Hat-Trick သွင်းယူနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဆာဘီးယား ဒိုင်လူကြီး မီလိုရက်ဒ် မက်ဇစ်က စောစောစီးစီး ပင်နယ်တီ တစ်လုံးကို ဂျာမနီဘက် ကန်ခွင့်ပေးခဲ့ပြီး ပေါ်တူဂီ နောက်ခံလူ ပီပီကိုလည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် နှစ်ခုလုံးသည် ဒိုင်၏ လွန်ကဲသော ယိမ်းယိုင်မှုများ ဖြစ်နေကြောင်း ဘင်တိုက ဆိုသည်။ 

“ဒီကိစ္စ နှစ်ခုလုံးမှာ ဘက်လိုက်တဲ့ အရိပ်အယောင်တွေ မြင်နိုင်ပါတယ်။ ပြီးတော့ ဒိုင်ရဲ့ ချဉ်းကပ်ပုံက အရမ်း တင်းမာလွန်းတယ်”ဟု ဘင်တိုက မှတ်ချက်ပြုခဲ့သည်။ “ပင်နယ်တီ ပေးလိုက်ရတဲ့အပြင် ပီပီ့ကို ချက်ချင်း ထုတ်ပစ်လိုက်တာကလည်း အရင်က သူ့ရဲ့ နာမည်ဆိုးတွေကြောင့်လားလို့ ကျွန်တော် တွေးမိသေးတယ်။ ရှုံးနိမ့်မှုမှာတော့ ဒိုင်ရဲ့အမှား သက်သက်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အမှားတွေ ရှိခဲ့တာ အမှန်ပါပဲ။ ကျွန်တော်တို့ နောက်တန်းတွေတင် မကဘဲ တိုက်စစ်ကလည်း ထက်မြက်မှု ပျောက်နေခဲ့တယ်လေ”ဟုလည်း ဘင်တိုက မှတ်ချက်ပြုခဲ့သည်။
၎င်းက “အရှုံးအတွက် စိတ်ပျက်မိတာတော့ အမှန်ပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုပြီး အားထည့် ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ပွဲက အဖြေပေါ်နှင့်နေပြီလေ။ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ပြောရရင် ပထမပိုင်း စကစားပြီး (၅)မိနစ်ကတည်းက ဒါဟာ ကျွန်တော်တို့ပွဲ မဟုတ်တော့ပါဘူး”ဟုလည်း ပြောဆိုသွားသည်။

SCORE MYANMAR

No comments:

Post a Comment