Tuesday 17 June 2014

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦး အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်းဆောင်ရမည်

ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးခန့်သည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်ထမ်းကြီးများဆိုင်ရာအခွန် ရုံးတွင် စတင် အခွန်ထမ်းဆောင်ရမည်ဟု ယင်းအခွန်ရုံး၏ ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က မဇ္ဈိမကို ပြောသည်။ 

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး တွင် သုံးနှစ်ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင်ထားသည့် အခွန် ထမ်း ၁၃၀ ဦး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် နိုင်ငံခြားကုမ္ပဏီကြီးများ၊ ကုမ္ပဏီ အုပ်စုများ၊ ဘဏ်လုပ်ငန်းကုမ်္ပဏီ များ၊ ဆောက်လုပ်ရေးကုမ်္ပဏီကြီးများ၊ လေကြောင်းလိုင်းများ၊ အများပိုင် ကုမ္ပဏီများစသည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ သည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် စတင်အခွန် ထမ်းဆောင်ရမည် ဖြစ်သည်။ 

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး များသတ်မှတ်ထားသည့် အခွန်ထမ်းကြီးများ၊ လုပ်ငန်းအမျိုးအစားများ အပြင် မိမိဆန်္ဒအလျောက် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်းဆောင်လိုသည့် အခွန်ထမ်း တို့ကို သတ်မှတ်ချက်နှင့် အညီ လက်ခံပေးသွားမည်ဖြစ်ပြီး ဇွန်လ ၁၃ ရက်အထိ နောက်ဆုံးထားလက်ခံ ပေးခဲ့ခြင်းဖြစ်သည်။ 

ဦးဇေယျကြည်ညွန့် က“ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက သတ်မှတ်ထားတဲ့အခွန်ထမ်းအမျိုးအစား ရှိတယ်။ အဲဒီ အပြင် မိမိဆန်္ဒအလျောက် အခွန်ထမ်း ဆောင်ချင်တဲ့ အခွန်ထမ်းတွေကို ဇွန်လ ၁၃ ရက် အထိ နောက်ဆုံးလက်ခံပေးခဲ့တယ်။ စာရင်းချုပ်ဖို့ Return တွေကို စောင့်နေတယ်။ ဒါပေမဲ့ သေချာတာက အခွန်ထမ်းဦးရေ ၅၀၀ အောက်ပဲဖြစ်မှာပါ ” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးကို ဧပြီလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး အခွန် ထမ်းက မိမိကျသင့်သည့် အခွန်အပေါ်တွင် ကိုယ်တိုင်တွက်ချက် ထမ်းဆောင်ရမည့်စနစ်Self Assessment System (SAS) ကို ပထမဆုံးကျင့်သုံးသွားမည့် အခွန်ရုံး ဖြစ်သည်။ 

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးအပြင် အလယ်အလတ်အဆင့်အခွန်ထမ်းများအတွက်လည်း အခွန်ရုံး သုံးရုံးမှ ငါးရုံးအထိ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်။ 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခွန် ကောက်ခံရရှိမှု ကျပ် ၃,၅၈၂ ဒသမ ၃၆၀ သန်းရှိခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အခွန်ငွေ ကျပ် ၁,၅၃၈ ဒသမ ၇၆၆ ဘီလီယံ၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၂,၇၁၀ ဒသမ ၉၀၆ ဘီလီယံ၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၃,၅၈၂ ဒသမ ၃၆၀ ဘီလီယံရရှိခဲ့ကာ တစ်နှစ် ထက်တစ်နှစ် အခွန်ကောက်ခံရရှိမှု တိုးမြင့်လာခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment