Tuesday 17 June 2014

မွန်ပြည်သူ့ဖိုရမ် သုံးရက်ကြာ ကျင်းပမည်

မွန်ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့ အစည်း ကိုယ်စားလှယ်များ ပါဝင်မည့် မွန်ပြည်သူ့ဖိုရမ်ကို မော်လမြိုင်မြို့၌ ဇွန်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း အဆိုပါဖိုရမ် ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးကျော်လင်းဦး က ပြောဆိုသည်။

မြန်မာပြည်သူ့ဖိုရမ် (MPF) က ဦးဆောင် ကျင်းပသည့် အဆိုပါ မွန်ပြည်သူ့ဖိုရမ်တွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဦးရေ ၁၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
“ဖိုရမ်မှာ ဆွေးနွေးအကြံပြုချက်တွေ စုစည်းပြီးရင် မွန်ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပေးပို့မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ပထမဆုံးအကြိမ် ပြုလုပ်မည့် အဆိုပါ မွန်ပြည်သူ့ဖိုရမ်တွင် ပထမ နှစ်ရက်၌ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးမည် ဖြစ်ပြီး ဖိုရမ်နောက်ဆုံးနေ့ ဖြစ်သော ဇွန်လ ၂၆ ရက်နေ့တွင် မွန်ပြည် နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း MPF ထံမှ သိရသည်။

MPF ၏ အစီအစဉ်ဖြင့် မြန်မာပြည်သူ့ဖိုရမ်၊ အာဆီယံ ပြည်သူ့ဖိုရမ်များကို ရန်ကုန်မြို့တော်နှင့် နေပြည်တော် တို့တွင် ကျင်းပခဲ့ပြီး ဖြစ်ပြီး ယခုထပ်မံ၍ ပြည်နယ်များတွင် ဒေသဆိုင်ရာ ဖိုရမ်များ ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment