Tuesday 17 June 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်ခဲ့ဖူးသည့် ကနေဒါ အခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီကို Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်တို့မှ တရားစွဲရန်စီစဉ်

လက်ရှိတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပူးပေါင်းလုပ်ကိုင်လျက် ရှိသည့် ဦးပိုင်နှင့် တရုတ် နိုင်ငံ ပိုင် ၀မ်ပေါင်ကုမ္ပဏီမတိုင်မီ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခဲ့သည့် ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီကို Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်တို့က တရားစွဲရန် စီစဉ်နေ ကြောင်း ဇွန် ၁၆ ရက်တွင် Justice Trust အဖွဲ့နှင့် မြန်မာနိုင်ငံရှေ့နေ များကွန်ရက် ပူးပေါင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

လက်ရှိတွင် အိုင်ဗင်ဟိုးကုမ္ပဏီကို တရားစွဲနိုင်ရန် အီကွေဒေါနိုင်ငံတွင် ရှယ်ဗရွန်ကုမ္ပဏီကို တရားစွဲဆိုခဲ့ ဖူးသည့် အမေရိကန်နိုင်ငံသား ရှေ့နေနှစ်ဦး၏ အကူအညီရယူပြီး နိုင်ငံတကာ အဖွဲ့အစည်းများကို ကမ်းလှမ်း ၍ တရားစွဲရန် အချက်အလက် လုံလောက်မှု ရှိ၊ မရှိ ရှာဖွေဆောင်ရွက်သွားမည်ဟု အထက်မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးသိန်းသန်းဦးက ပြောကြားသည်။

“၀မ်ပေါင်ကုမ္ပဏီရှေ့က လုပ်ခဲ့တဲ့ အိုင်ဗင်ဟိုးကုမ္ပဏီဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘဲ ဥပဒေချိုးဖောက်တာတွေ များပါတယ်။ ဘာကြောင့်တရားစွဲဖို့ ပြင်ဆင်သလဲဆိုတော့ တရုတ်ကုမ္ပဏီ ၀မ်ပေါင်က တရုတ်နိုင်ငံက နိုင်ငံတကာဥပဒေကို လိုက်နာမှု ရှိ၊ မရှိ ကျွန်တော်တို့ မသိရဘူး။ ကနေဒါ နိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် နိုင်ငံတကာဥပဒေတွေကို လိုက်နာမှုရှိတယ်လို့ သိရပါတယ်။ အိုင်ဗင်ဟိုးကုမ္ပဏီက ကနေဒါနိုင်ငံမှာ အခြေစိုက်တဲ့အတွက် ကနေဒါနိုင်ငံမှာ တရားစွဲဖို့ ပြင်ဆင်ထားတယ်” လို့ အထက်မြန်မာပြည် ရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးက ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီကို ၂၀၁၂ ခုနှစ်၊ နိုဝင် ဘာလအတွင်း ဖြစ်ပွားခဲ့သည့် လူထုအပေါ် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ Justice Trust မှတစ်ဆင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဥပဒေစောင့်ရှောက်ရေး အဖွဲ့အစည်းများကို တင်ပြသွားမည်ဟု သိရသည်။ “၀မ်ပေါင်ကုမ္ပဏီနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဥပဒေပညာရှင်တွေ ပါဝင်တဲ့အဖွဲ့ဟာ နိုင်ငံတကာမှာ လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ ဘယ်လောက်အထိ ထိခိုက်မှုရှိသလဲ၊ ဘယ်လောက်အထိ ဥပဒေလေးစားလိုက်နာမှုရှိ သလဲဆိုတာကို လာရောက်လေ့လာခဲ့ပြီး ကျွန်တော်တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ သူတို့ လေ့လာတဲ့အထဲမှာ သီလ၀ါ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထီးချိုင့်နဲ့ လက်ပံတောင်းတောင်စီမံကိန်းတို့ ပါဝင်ပါတယ်။ သူတို့အနေနဲ့လည်း ၀မ်ပေါင်အခြေစိုက်ထားတဲ့ ကုမ္ပဏီအပါအ၀င် တရုတ်ပြည်မှာ နိုင်ငံတကာဥပဒေ သက်ရောက်မှုရှိလား ဆိုတာကို သူတို့ကိုယ်တိုင် မဖြေနိုင်ဘူး လို့သိရတယ်”  ဟု ဦးသိန်းသန်းဦးမှ ဆက်လက် ပြောကြားသည်။

Justice Trust အဖွဲ့သည် လယ်ယာမြေကိစ္စများအတွက် လူထုအခြေပြုစည်းရုံး လှုံ့ဆော်မှုများနှင့် ကူညီမှုများ၊ တရားမျှတမှုရှိသည့် ဥပဒေစိုးမိုးရေးများ၊ လူ့အခွင့်အရေးအခြေပြု စည်းရုံးလှုံ့ဆော်မှု အခြေပြုကိစ္စရပ်များအတွက် လှုပ်ရှားသည့် အဖွဲ့တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင်လည်း Justice Trust အဖွဲ့မှ လက်ပံတောင်းတောင်ရှိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို စုဝေးနေသည့် ရွာသူရွာသားများနှင့် သံဃာတော်များကို လူစုခွဲ ရာ၌ ရဲများက ပြုမူခဲ့မှုများနှင့်ပတ်သက်၍ အထောက်အထားများ ခိုင်လုံစွာဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ဖူးသည်။

Eleven Media Group 

No comments:

Post a Comment