Tuesday 17 June 2014

ထိုင်းရောက် တရားဝင်မြန်မာများ အဖမ်းခံရလျှင် သံရုံးက ဖြေရှင်းပေးမည်

ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေသည့် ထိုင်းနိုင်ငံတွင် အထောက်အထား အပြည့်အစုံ ရှိသော်လည်း ဖမ်းဆီးခံရပါက မြန်မာအလုပ်သမား သံအရာရှိကို ဆက်သွယ် အကူအညီ တောင်းနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့် ပါမစ် စသည့် အထောက်အထား အပြည့်အစုံ ရှိသော်လည်း ဖမ်းဆီးခံရပါက တယ်လီဖုန်း ၀၈၆-၇၇၇၆၈၂၅၊ ၀၈၅-၉၈၁၂၁၇၅၊ ၀၉၁- ၅၃၇၀၀၁၈ နှင့် ၀၈၃- ၅၄၄၆၄၄၂ တို့ထံ ဆက်သွယ်၍ အလုပ်သမား သံအရာရှိကို ဆက်သွယ် အကူအညီတောင်းနိုင်ပြီး နေ့ညမရွေး အကူအညီပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်၍ စစ်တပ်နှင့် ရဲပူးပေါင်းကာ ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်၌လည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများအနက် တရားဝင် အထောက်အထား ရှိသူများပါ ပါဝင်နေကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိသည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) က ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ယင်းကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကျော်က ပြောဆိုထားသည်။

The Voice Weekly 

No comments:

Post a Comment