Tuesday 17 June 2014

သံတွဲပဋိပက္ခတွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦး ပြန်လွှတ်

သံတွဲပဋိပက္ခတွင် ပါဝင်ခဲ့သူဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရွာသား ၂၃ ဦးအနက် ၁၃ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးမှ တရားရှင် ပြန်လွှတ်ပေး လိုက်ကြောင်း သံတွဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ညီညီဌေးက ပြောကြားသည်။

၎င်းတို့ကို ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၄၃၆ (မီးရှို့မှု)၊ ပုဒ်မ ၃၄ (ပူးပေါင်းကြံစည်မှု) တို့နှင့် ဖမ်းဆီးစစ်ဆေး ခံခဲ့ရပြီး တရားရုံးချိန်း ၂၉ ကြိမ် ရှိခဲ့ကြောင်း၊ လွတ်မြောက်ခွင့်ရရှိသူ ၁၃ ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ၎င်းကဆိုသည်။

တရားလိုပြ သက်သေများကို စစ်ဆေးပြီး အဆိုပါ ၁၃ ဦးမှာ ပြစ်မှုထင်ရှားခြင်း မရှိသဖြင့် ပြန်လွှတ်ပေး လိုက်ခြင် ဖြစ်ကြောင်း ဒုတိယရဲမှူး ညီညီဌေးက ရှင်းပြသည်။

ယခု လွတ်မြောက်လာသူများမှာ ပဋိပက္ခများ ဖြစ်ပွားစဉ်က အိမ်တွင် ရှိနေခဲ့သော်လည်း သံသယဖြင့် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ပြီး အချို့မှာ ၎င်းတို့ကို မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိ ခဲ့ကြကြောင်း သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးမြင့်မိုးက ပြောကြားသည်။

သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့အလံကို ဖျက်ဆီးရာမှ စတင်ကာ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment