Tuesday 17 June 2014

e-Government စနစ် ပိုကောင်းရန် ဆောင်ရွက်မည်ဟုဆို

အစိုးရနှင့် ပြည်သူအကြား ဆက်သွယ်မှု ပိုမိုမြန်ဆန် ထိရောက်စေသည့် e-Government စနစ်ကို ပြည်သူ များ ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ 

နေပြည်တော်ရှိ အစိုးရဌာနများတွင် e-Government စနစ်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် မြန် နှုန်းမြင့် ဖိုက်ဘာကေဘယ်လ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“နေပြည်တော်က အစိုးရရုံးတွေအတွက် လိုအပ်တာတွေကို တင်ဒါခေါ်ထားတယ်။ သမ္မတ ကိုယ်တိုင် ကလည်း e-Government ပိုကောင်းလာအောင် လုပ်ဖို့ ညွှန်ကြားထားတယ်။ ရေရှည်မှာ ထိရောက်တဲ့ e-Government စနစ်က လိုတယ်လေ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ e-Government စနစ် ပိုမိုကောင်းမွန် ထိရောက်စွာ သုံးစွဲနိုင်စေရန် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရန် တိုက်တွန်းထားပြီး လပေါင်း ၂၀ အတွင်း အပြီးသတ် ဆောင်ရွက်ရန် အစိုးရဌာန အသီးသီးမှ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ 

e-Government စနစ် အောင်မြင်ရန် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ အချိန်ယူရ ဆောင်ရွက်ရလေ့ ရှိပြီး အမြဲမပြတ် ဆောင်ရွက်နေရမည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း အိုင်တီပညာရှင်များက ထောက်ပြသည်။

သို့သော် မြန်မာနိုင်ငံတွင် e-Government စနစ် စတင် အကောင်အထည် ဖော်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စု ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

“အရင်တုန်းက Industry ရော၊ Infrastructure ရော၊ အစိုးရဘက်ကရော အဆင်သင့် မဖြစ်ဘူး။ e-Government အောင်မြင်ဖို့ ဒီသုံးခု အဆင်သင့်ဖြစ်ရင် အဆင်ပြေသွားမှာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောဆိုသည်။

လက်ရှိတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာန အားလုံးတွင် ကိုယ်ပိုင် Website တည်ထောင်ထားသည့် ဝန်ကြီးဌာန ၃၂ ခု ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုတရားရုံးချုပ်နှင့် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး အပါအဝင် ကိုယ်ပိုင် Website တည်ထောင်ထားခြင်း မရှိသည့် အစိုးရဌာန ကိုးခုရှိကြောင်း ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment