Tuesday 17 June 2014

အစိုးရစီမံခန့်ခွဲမှု ညံ့၍ ဘိန်းစိုက်ပျိုးမှု လျော့နည်းခြင်း မရှိဟု သူရဦးရွှေမန်း ပြောကြား

ကမ္ဘာပေါ်တွင် ဘိန်းဒုတိယ အများဆုံး စိုက်ပျိုး နေသည်ဟု ဝေဖန်ခံ နေရသော မြန်မာနိုင်ငံတွင် ဘိန်း စိုက်ပျိုး မှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှု ပြဿနာများကို ရေရှည် စီမံကိန်းများ ရေးဆွဲ၍ လျှော့ချ တိုက်ဖျက်ရေး ပြုလုပ် နေသော်လည်း လျော့နည်းပပျောက်မှု မရှိခြင်းမှာ အစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

“စီမံကိန်းနဲ့ လျှော့ချရေး လုပ်တာ တိုးလာတယ်ဆိုရင် ညံ့လို့၊ အားနည်းချက်တွေ ရှိလို့” ဟု ၎င်းကဆိုသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် ဒုတိယနေရာတွင် ရောက်ရှိနေကြောင်း UNODC က ထုတ်ပြန်ထားသောကြောင့် လျော့နည်းပပျောက်ရေး မည်သို့ လုပ်ကိုင်နေသည်ကို သိလိုကြောင်း မေးမြန်း ရာတွင် ၎င်းက ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စသည် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်နေပြီး အစိုးရ၏ လုပ်ဆောင်နေမှုအပြင် လွှတ်တော် ကိုယ် စားလှယ်များနှင့် အများပြည်သူ ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှ စတင်ကာ ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွမူးယစ်ဆေးများနှင့် အခြားမူးယစ် စေသော ဆေးဝါးများ လျှော့ချရန် ၁၅ နှစ် စီမံကိန်းတစ်ရပ် ရေးဆွဲကာ ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ မှ ၂၀၀၆ ခုနှစ် အထိ အနည်းငယ် ကျဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ စတင်ကာ ယနေ့ထိ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

မူးယစ်ဆေးဝါး ပြဿနာများ လျော့နည်း ကျဆင်းရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေး ထုတ်လုပ်၊ သုံးစွဲသူများ၏ ခံယူချက်နှင့် ယုံကြည်ချက်များ ပြောင်းလဲစေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ဘိန်းနှင့် မူးယစ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းများသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး မရနိုင်သရွေ့ ပပျောက်မည် မဟုတ်ကြောင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ပြောဆိုသည်။

ဘိန်းစိုက်ပျိုးမှု အလွန်အကျွံ ပြုလုပ်နေသည့် ဒေသများတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပြင် မြန်မာအစိုးရဘက်ကလည်း ကာကွယ်ပေးထားမှုများ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment