Tuesday 17 June 2014

ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေထွက်ပြီး ခုနစ်နှစ်ကြာမှ နည်းဥပဒေ ရေးဆွဲလျက်ရှိဟု ဒု-၀န်ကြီးပြော

အသက် ၁၈ နှစ်မပြည့်သေးသော လူငယ်များအကြား ဆေးလိပ်သောက်ခြင်း ခေတ်စားလာနေမှုအပေါ် ထိရောက်စွာ တားဆီးနိုင်ရန် နည်းဥပဒေများ ညှိနှိုင်း ရေးဆွဲလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန ဒု- ၀န်ကြီး ဒေါက်တာသန်းအောင် က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

“သက်ဆိုင်ရာ တာဝန်ခံပုဂိ္ဂုလ်တွေက ဥပဒေအတိုင်း ထိရောက်စွာအကောင် အထည်ဖော် ဆောင် ရွက်နိုင် ရေးအတွက်လည်း လိုအပ်သော နည်းဥပဒေများကို ညှိနှိုင်းရေးဆွဲလျက်ရှိပါတယ်”ဟု ဒု-၀န်ကြီးက ပြော သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် ၊ မေလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၇ ခုနှစ်၊ မေလတွင် စတင် အာဏာသက်ဝင်ခဲ့သော်လည်း ခုနစ်နှစ် ကြာ မှ သာနည်းဥပဒေရေးဆွဲနေ ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးဆိုင်ပေါင်းနပ်က“ဆေးလိပ်သောက်သုံးခြင်းဟာ မူးယစ်ဆေးသုံးစွဲဖို့ ပေါင်းကူးတံတားလို ဖြစ် နေတယ်။ ဆေးလိပ်သောက်တာကို လူငယ်တွေကြားမှာ စတိုင်တစ်ခုလို ခေတ်စားလာတယ်၊ ဒါတွေကို တားဆီး ထိန်းချုပ်ဖို့ အစီအစဉ်တွေကို သိရှိလို ပါတယ်”ဟု အမျိုးသားလွှတ်တော်က တစ်ဆင့်မေးမြန်း ခဲ့ခြင်း ကို ဒု-၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက “အသက် ၁၈ နှစ် အောက် ကလေးများကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ဆေး လိပ်ဖြန့်ဖြူး ရောင်းချခြင်းတွင် အသက် ၁၈ နှစ်အောက် ကလေးများအား ခိုင်းစေခြင်းတို့ကို တား မြစ် ထားပါတယ်”ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ထို့အပြင် ကလေးများလက်လှမ်းမမီ စေရေးအတွက် ကျောင်းပရိဝုဏ်အတွင်း နှင့် ကျောင်းပရိဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းတို့ကိုလည်း တား မြစ်ထားသည်ဟု ဖြည့်စွက် ဖြေကြားခဲ့ သေးသည်။

သို့ရာတွင် ဦးဆိုင်ပေါင်းနပ်ကမူ“တချို့သော စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်တွေမှာ ပိုက်ဆံပြန် အမ်းတဲ့ အခါ အကြွေမရှိရင် ဆေးလိပ်အမ်းတာကို တွေ့ နေရပါတယ်။ ဒါ့အပြင် တစ်လိပ်ချင်းစီ ဖြစ်ဖြစ်၊ ဘူးလိုက်ပဲဖြစ်ဖြစ် လွယ်လင့်တကူ ၀ယ်လို့ရနေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေများအရ ဆေးရွက်ကြီးသည် အစား အသောက်နှင့်ဆေးဝါး တို့တွင် ပါဝင်ခြင်း မရှိပေ။

Mizzima - News in Burmese 

No comments:

Post a Comment