
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော INS Vikramaditya မှာ MIG 29K တိုက်လေယာဉ် အုပ်စုနှင့်အတူ စစ်ဆင်ရေး တာဝန်များကို ပထမဆုံးအကြိမ် စတင်တာဝန် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း Brahmand သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လေယာဉ်တင်သင်္ဘောမှာ အနောက်တိုင်း ရေတပ်များနှင့် မကြာသေးမီက ပူးတွဲလုပ်ဆောင်ခဲ့ သည့် ရေကြောင်း လေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့ကြောင်း အိန္ဒိယ ရေတပ်ရင်းမြစ်များက ပြောကြားသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အကြီးဆုံး လေယာဉ်တင် သင်္ဘောတွင် လေကြောင်းရန် ကာကွယ်ရေး လက်နက်စနစ်များ တပ်ဆင့်ထားခြင်း မရှိသဖြင့် အဆိုပါ လက်နက်များ ပြန်လည် တပ်ဆင်ရန် စီစဉ်ထားသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော INS Vikrant ကို ကိုချင် သင်္ဘောကျင်းတွင် တည်ဆောက်နေပြီး ၂၀၁၇ ခုနစ်တွင် စတင်စမ်းသပ် မောင်းနှင်နိုင်မည်ဖြစ်ကာ ၂၀၁၈ ခုနစ်တွင် အိန္ဒိယရေတပ်သို့ ပေးပို့သွားမည် ဖြစ်သည်။
ယင်းကဲ့သို့သော လက်နက်စနစ်များအပြင် နျူကလီးယား စွမ်းအင်သုံး INS Chkra ရေငုပ်သင်္ဘော၊ P-81 တာဝေး ထောက်လှမ်းရေး လေယာဉ်နှင့် ရှီဗလစ်အတန်းအစား ဖရီးဂိတ်သင်္ဘောများကို အိန္ဒိယရေတပ် တွင် စတင်အသုံးပြုနေကြောင်း အိန္ဒိယ ရေတပ် အကြီးအကဲ ရိုဘင်ဒိုဝမ်က ပြောကြားသည်။
လက်ရှိ အိန္ဒိယရေတပ်တွင် INS Vikramadiya နှင့် INS Viraat လေယာဉ်တင်သင်္ဘော နှစ်စင်းထိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment