Friday 9 May 2014

အပစ်အခတ်ရပ်စဲရေး မှုကြမ်းပါ အချက်များ ပြည်သူလူထုကိုချပြသင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်မှုကြမ်းပါ အချက်အလက် များကို ပြည်သူလူထုကို ချပြသင့်သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီ ကပြော သည်။
ဧပြီ ၅ရက်မှ ၈ရက်နေ့အထိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့ ဆွေးနွေးပွဲအပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှုကြမ်းတစ်ခုကို ရရှိပြီးဖြစ်သည်။

ယင်းမူကြမ်းပါ အချက်အလက်များနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်အသိပေးခြင်း မရှိသေးသဖြင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြန်ကြားရေး တာဝန်ခံ ကိုဂျင်မီက“ ပြည်သူတွေအနေနဲ့ စာချုပ်ပါ အချက်များကို သိသင့် တာပေါ့ ။ ဆွေးနွေးနေ တဲ့ နှစ်ဖက်အဖွဲ့အစည်း သဘောထားက ဘယ်လိုရှိတယ် ဆိုတာမသိပေမယ့် ပြည်သူကနေ ၀င်ပြီးတော့ ဆုံးဖြတ်တဲ့အခြေအနေရောက် လုပ်ဆောင်တာကို ကျွန်တော်တို့က သဘောကျတ ယ်။”ဟုပြောဆိုသည်။

သို့ရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ပေးလျက်ရှိ သည့် မြန်မာနိုင်ငံငြိမ်း ချမ်းရေးပြန် လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦး(peace dialog program )က ယခုလောလောဆယ် အသိမပေးနိုင်သေးခြင်းအပေါ် “ဒီဟာတွေအားလုံးဟာ အားလုံး သဘော တူပြီး သွားရင်တော့ အများပြည်သူသိမယ့် အကြောင်းအရာဖြစ်လာမှာပါ၊ အခုအချိန် မှာတော့ ဆွေးနွေးနေ ဆဲဖြစ်တဲ့အတွက် ဒီဟာတွေကိုတော့ ချပြဖို့အသေးစိတ်ရှင်းပြဖို့တော့ မလွယ်သေး ဘူးလို့ကျွန်တော်ထင်တယ်။ ဒါဟာအစိုးရနဲ့ တိုင်းရင်းသားတွေကြား ချုပ်ဆိုတဲ့ လျို့ဝှက်တဲ့ စာချုပ်မျိုး မဟုတ်ပါဘူး။ ဒါတွေကိုဆွေးနွေးနေဆဲဖြစ်တဲ့အတွက် အပြင်ကိုတရားဝင် ထုတ်ဖော်ဖို့အတွက် ဘယ်သူ့ မှာမှ အခွင့် မရှိပါဘူး။”ဟုပြောသည်။

ညီမျှခြင်းမြန်မာ Equal Myanmar မှ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းကလည်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာပါကအဓိကနစ်နာသည်မှာ ပြည်သူများဖြစ်သဖြင့် နှစ်ဖက်အဖွဲ့ ဆွေးနွေးချက်များကိုပြည်သူလူထုအား ချပြသင့် သည်ဟုပြောကြားခဲ့ဖူးသည်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကလည်း “သိသင့်တာပေါ့။ ပြည်သူဆီကအသံတွေလည်းယူသင့်တာပေါ့။ အပစ်အခတ်ရပ်စဲရေးမှာ သူတို့ဘာသာသူတို့ လက်နက်ကိုင်ပြီးဖြစ်ကြတာ ဆိုပေမယ့် ကြားထဲကမြေစာပင် က ပြည်သူတွေလေ။ ပြည်သူတွေအနေနဲ့ ၀င်ပြီးအကြံပေးလို့ရရင် ပိုတောင်ကောင်းတာပေါ့။ လုပ်ပြီးမှ ချပြတော့ ဘာထူးမှာလဲ။ ” ဟုပြောသည်။

ယင်းမှုကြမ်းတွင် အကြောင်းအရာ ၁၂၂ ချက်ကို ဆွေးနွေးခဲ့ပြီး ၇၇ချက် သဘောတူညီမှုရရှိပြီးဖြစ်သည်။ သဘော တူညီမှုရရန် ကျန်ရှိနေသည့် ၄၅ ချက်အနက် ၂၅ ချက်ကို အစိုးရဘက်မှ လိုက်လျောပေးရန် အသင့်ဖြစ်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မှုကြမ်းပါအချက်များကို ဆက်လက်ဆွေးနွေးရန် အစိုးရနှင့် လက်နက် ကိုင် တိုင်း ရင်းသား နှစ်ဖက်ကိုယ်စားလှယ်များသည် မေလ ၁၉၊၂၀ ရက်တွင် ထပ်မံတွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment